ကား တစ်စီးဝယ်တဲ့ အခါ ခံစားရတဲ့ အကောင်းဆုံး အချက်ကို ပြောပါဆိုရင်တော့ ‌ရွေးချယ်စရာ များများစား စား ရှိနေတာမျိုးပါပဲ။ ‌‌ရွေးချယ်စရာ များလေလေ ကိုယ်ဝယ်မယ့်ကားမှာ ပါချင်တဲ့ အချက်အလက်တွေ ၊ လုပ်ဆောင်ချက် တွေကို Trim Level တွေပေါ်လိုက်ပြီး ရွေးဝယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကေ ဈေးကွက်ထဲက Kia ကတော့ ထူးထူးခြားခြား မတူတဲ့ ရွေးစရာ တစ်မျိုးကို ချပြလာပါတယ်။ အခု ဇူလိုင် ၂၀၂၂ ကစလို့ Sorento ကို အဆိုပါ ဈေးကွက် ထဲမှာ “Edition” ဆိုတဲ့ တစ်ခုတည်းသော ရွေးချယ်စရာ အဖြစ် နာမည် ခပ်ဆန်းဆန်းနဲ့ ရောင်းချတော့မှာ ပါ။ အဆိုပါ “Edition” ဆိုတဲ့ တစ်ခုတည်းသော ရွေးချယ် စရာကတော့ ယခင် SUV ရဲ့ 2 ၊ 3 နဲ့ 4 Trim Level တွေကို ပေါင်းစပ် ထုတ်လုပ်ထားလိုက်တာ ဖြစ်ပြီး အားလုံးပေါင်း တစ်မျိုးတည်း အနေနဲ့ ရနိုင်တဲ့ သဘောပါပဲ။ Sorento ကိုလည်း ကြိုက်တယ် ကိုယ်နဲ့ ဘယ် Trim Level အဆင်ပြေမလဲ ဆိုတာကိုလည်း မရွေးတတ်တဲ့သူတွေ အတွက် အခု လို တစ်မျိုးတည်းမှာ အကုန် ထည့်ပေးထားတာကတော့ သတင်းကောင်းတစ်ခု ဖြစ်နိုင်ပြီး ဝယ်မယ်ဆိုရင်လည်း အစုံ ပါတဲ့ Sorento ကိုရပြီး မဝယ်ဘူး ဆိုရင်လည်း ဘာမှမရတော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Photo Credit: motor 1.com

အဆိုပါ Edition Trim ကိုတော့ယခင် Spec အမြင့်ဆုံး  4 Trim ကို အခြေခံ ဖန်တီးထားတာဖြစ်လို့ လိုတာ အကုန် ပါလာပြီး ၇ ယောက် စီးလည်း ဖြစ်လာပါတယ်။ Neppa Leather Upholstery ၊ အမိုးအပြည့် နီးပါး ပါတဲ့ Panoramic Sunroof နဲ့ လိုသလို ချိန်ညှိနိုင်တဲ့ Head-Up Display တို့လို ခပ်ဆန်းဆန်း လုပ်ဆောင် ချက်တွေ အပြင် Power Tailgate ၊ အလိုအလျောက် ထိန်းနိုင်တဲ့ Remote Smart Parking စနစ် ၊ Blind Spot Collision ကာကွယ် ပေးနိုင် တဲ့ စနစ် ၊ ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကို မြင်နိုင်တဲ့ မော်နီတာ စနစ်နဲ့ Blind Spot View Monitor တွေကိုပါ အစုံ အလင် ကို ထည့်ပေးထားလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ SUV အသစ် ကြီးမှာတော့ Bose Premium အသံ စနစ်ကိုမှ စပီကာ ၁၂ လုံး အထိ ပါဝင်လာပြီး ၊ ကြိုးမဲ့ ဖုန်းအား သွင်းဖို့ နေရာတွေ ၊ ပုံစံ ၁၀ မျိုး အထိ ချိန်ညှိနိုင်မယ့် ယာဉ်မောင်းထိုင်ခုံ ကိုမှ Lumbar Support ပါ ပါဝင် တာတွေလည်း ပါလာမှာပါ။ ဒါ့အပြင် ကြိုက်တဲ့ ထိုင်ခုံအနေအထားကို မှတ်သား ထားပေးနိုင်မယ့် မှတ်ဉာဏ် စနစ် ၊ ၈ မျိုး အထိ ချိန်ညှိနိုင်မယ့် ခရီးသည် ထိုင်ခုံ၊ အရှေ့နဲ့ အနောက်တို့မှာ အကုန် ပါဝင်လာမယ့် ထိုင်ခုံ တွေရဲ့ Heated စနစ်တို့ အပြင် အရှေ့ဘက်က ထိုင်ခုံတွေဆိုရင် Ventilated စနစ်ပါ ပါဝင် လာတော့မှာ မို့လို့ တကယ်ကို အစုံအကုန် ထည့်ပေးလိုက်တယ်လို့ပဲ ဆိုရမှာပါ။

Photo Credit: motor 1.com

Sorento Edition အသစ်ကို အပြင်ဘက်က ကြည့်မယ် ဆိုရင်တော့ အနက်ရောင် Accents တွေ အများဆုံး တွေ့ရပြီး ကား ကိုယ်ထည်ကိုတော့ White Pearl ၊ Graphite နဲ့ Midnight Black တို့ ဆိုတဲ့ အရောင် ၃ ရောင် အထိကို ‌ရွေးလို့ ရမယ် လို့ သိရပါတယ်။ ဘီးတွေ ဆိုရင်လည်း ၁၉ လက်မ အရွယ်ကို Hybrid နဲ့ PHEV Model  တွေအတွက် Standard အနေနဲ့ ထည့်ပေးထားပြီး ဒီဇယ်ကား မော်ဒယ်မှာ ဆိုရင်တော့ လက်မ ၂၀ အရွယ် အလွိုင်းဘီးတွေကို သီးသန့် အနေနဲ့ ရရှိနိုင်မှာပါ။ ဒါကြောင့် ယူကေ ဈေးကွက်အတွက် Sorento ဝယ်မယ် ဆိုရင်တော့ အခုကစလို့ အတွင်းအပြင် လုပ်ဆောင်ချက်တွေ နည်းစနစ်တွေ ရွေးစရာလို တော့မှာ မဟုတ်ပဲ အင်ဂျင်ပိုင်းကိုသာ ရွေးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို  ကားမျိုးကိုတော့ အမေရိက ဈေးကွက်ထဲမှာ Kia တို့ ဖန်တီးလာဖို့ အစီအစဉ် မသေချာ သေးတာကြောင့် အမေရိက ဈေးကွက် ထဲမှာ ဝယ်ချင်တယ် ဆိုရင်တော့ ရွေးလို့ ရပါသေးတယ်။

Ref: motor 1.com