ဥရောပကား ဈေးကွက် ထဲမှာတော့ B-Segment ကားတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီး Ford ဆိုရင်လည်း Fiesta Volkswagen ဆိုရင်လည်း Polo စတဲ့ ကားတွေဟာ Euro 7 ကာဗွန်ထုတ်လုပ်မှု ဆိုင်ရာ စည်းမျဉ်းသစ်တွေကြောင့် အနာဂတ် မသေချာတော့တာ ဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းနဲ့ ကိုက်အောင် အခုကားသေးလေးတွေကိုပြန်လည် ပြင်ဆင်ဖန်တီးဖို့ကလည်း ကုန်ကျစရိတ် များလွန်းနေတာကြောင့် ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း အလားတူ လက်ပြနှုတ်ဆက်ရနိုင်တဲ့ နောက်ထပ်ကား တစ်မျိုး ထွက်ပေါ်လာခဲ့ပြီ ဖြစ်ကာ အဆိုပါကားကတော့ Kia Rio ပဲ ဖြစ်ပါတယ်။ အဆိုပါ တောင်ကိုရီးယား ထုတ် Supermini ကားလေးက အခုနှစ် နှောင်းပိုင်းလောက်မှာတင်ပဲ ဥရောပနဲ့ ယူကေ ကားဈေးကွက် တွေထဲက ထွက်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကားနေရာမှာတော့ တိုက်ရိုက် နီးပါး အစားထိုးလာမယ့် မော်ဒယ်ကလည်း Kia Stonic ဖြစ်တယ်လို့ သိထားရပါတယ်။ Stonic ကားကိုတော့ ယူကေ အပါအဝင် အခြားသော ဥရောပ ဈေးကွက်တွေထဲမှာလည်း မြင်ရဦးမှာ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

Kia Rio ကားတွေကတော့ ပြီးခဲ့တဲ့နှစ် ဥရောပ ဈေးကွက်ထဲမှာ အစီးရေ ၃၂,၅၀၆ စီးပဲ ရောင်းချခဲ့ရတာ ဖြစ်ပြီး မနှစ်ကနဲ့ ယှဉ်ရင် ၉ % လောက်ကို လျော့ကျသွားတာပါ။ ကားဝယ်လိုသူတွေ အတော်များများ ရဲ့ Crossover ကားတွေဆီ အာရုံ ပြောင်းလာမှုကလည်း အခုလို Rio ကားလေးကို နှုတ်ဆက်ရဖို့ အကြောင်းဖန်လာခဲ့ပြန်တာ ဖြစ်ပါတယ်။ Rio ကလွဲလို့ Kia အနေနဲ့ အခြားသော Small Car A-Segment နဲ့ B-Segment အပိုင်းတွေကို ဆက်ပြီး တိုးတက်အောင် ဖန်တီးပေးနေဦးမှာ ဖြစ်တယ်လို့ Autocar ဆီကို ကုမ္ပဏီ ဘက်က ဆိုထားပါတယ်။ လက်ရှိမှာလည်း သူတို့ရဲ့ A-Segment ကားသေးတစ်စီး Picanto ကို ဥရောပ ဈေးကွက်ထဲ ရောင်းပေးထားဆဲ ဖြစ်ပါတယ်။ 

Photo Credit: motor 1.com

Kia Rio ကိုတော့ တစ်ဖက်မှာလည်း အမေရိက ဈေးကွက်ထဲ ဆက်ရောင်းနေဆဲ ဖြစ်ကာ Rio Sedan ကတော့ $ 16,750 ထဲနဲ့ ပိုဈေးသက်သာတဲ့ ကားအဖြစ်ရှိနေဆဲပါ။ တဲခါး ၅ ပေါက်ပါ Rio ကလည်း $ 17,690 ပဲ ဈေးရှိတာ ဖြစ်ကာ အဆိုပါကားတွေရဲ့ အပေါ်မှာတော့ Forte က $ 19,690 နဲ့ ဈေးရှိနေပါတယ်။ ဥရောပ ဈေးကွက်အတွင်းက B-Segment ကားသေးတွေ အတွက်ကတော့ စိတ်ပူစရာ ကောင်းနေပြီး တကယ်လို့သာ Euro 7 စည်းမျဉ်းတွေ အတည်ဖြစ်သွားခဲ့ရင် သာမန်အင်ဂျင်နဲ့ အဆိုပါ ကားလေးတွေအတွက် နေရာ မရလောက် တော့ပါဘူး။ Volkswagen ရဲ့ CEO ဖြစ်သူ Thomas ကိုယ်တိုင်ကလည်း ဥရောပရဲ့ Subcompact Hatchback ကား ဈေးတွေဟာ ယူရို ၃,၀၀၀ ကနေ ယူရို ၅,၀၀၀ လောက် အထိကို ဈေးတက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါကြောင့်လည်းနောက်ဆက်တွဲ ရလဒ်တွေ အနေနဲ့ Ford တို့ကပါ Fiesta ကားကို အဆုံးသတ်လာတာဖြစ်ပြီး Platform အတူတူသုံးထားတဲ့ Puma Crossover ကားကိုတော့ ဆက်လက် ထားရှိထားသေးတာကြောင့် စောင့်ကြည့်ဦးမယ့် အခြေအနေမှာ ရှိလို့နေပါတယ်။

Ref: motor 1.com