2017-2018 မော်ဒယ် Kia Niro Hybrid ကားပိုင်ရှင်တွေ အဖို့တော့ စိတ်ပူစရာ ဖြစ်လာခဲ့ရပြန်ပါပြီ။ အကြောင်း ကတော့ အရင် တစ်ခေါက်ကလည်း သိမ်းဆည်း ခံရဖူးတဲ့ အဆိုပါ ကားတွေကို အခုလည်း မီးလောင် နိုင်ခြေ ရှိ‌တာကြောင့် ပြန်လည် သိမ်းဆည်းခံရတော့မှာ ဖြစ်လို့ပါပဲ။ အခု တစ်ခေါက်မှာတော့ ပထမတစ်ကြိမ် ပြင်ဆင်ပေးတုန်းက သေချာသပ်ရပ်မှု မရှိခဲ့ပုံရပြီး ယခင်နဲ့အတူတူ အစီးရေ ၂၇,၀၃၀ အတိုင်း ပြန်လည် သိမ်းဆည်း ခံရဦးမှာပါ။ ပထမတစ်ခေါက် သိမ်းဆည်းခဲ့တာဟာ ၂၀၁၈ တုန်းက ဖြစ်ပြီး Main Relay ပိုင်းက ညိတဲ့အပိုင်းတစ်ချို့ ရှိနေတာ ကြောင့် ပြင်ဆင်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာကနေ လျှပ်စစ် အပိုင်းကို ထိခိုက်မှုရှိလာနိုင်ကာ အပူလွန်ကဲ လာတာမျိုးနဲ့ နောက်ဆုံး မီးလောင်နိုင်တာ အထိကို ဖြစ်နိုင်တာပါ။ ပြဿနာရှိနေတဲ့ Main Relay အပိုင်းကတော့ ကားရဲ့ အနောက်ဘက် ထိုင်ခုံအောက်မှာ ရှိတဲ့ Power Relay Assembly အပိုင်းမှာ ဆက်စပ် တည်ရှိနေတာလည်းဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုဆိုရင်တော့ တစ်ချို့သော ပထမတစ်ခေါက် ပြန်လည်သိမ်းဆည်းပြီးတဲ့ ကားတွေမှာကအစ အခုလိုချို့ယွင်းတဲ့ အပိုင်းတွေ ဆက်ရှိနေသေးတာကို ကုမ္ပဏီကစစ်ဆေးတွေ့ရှိခဲ့တာပါ။ ပထမဆုံး သတိ ထား မိခဲ့တာ ကတော့ ယခင် ဇွန်လတုန်းကဖြစ်ပြီး ကားတစ်စီး ဆီကနေ အဆိုပါ Power Relay Assembly အရည်ပျော်လို့ ရလာတဲ့ ညှော်နံ့ကို စတင်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ Kia ကုမ္ပဏီကို အခုဖြစ်စဉ်မှာ ဆက်သွယ်ချက် အရတော့ အဆိုပါ ကားဟာ ၂၀၁၉ ကတည်းက ပထမတစ်ကြိမ် ပြန်လည် သိမ်းဆည်းစဉ် ပါဝင်ခဲ့ဖူးတာ ဖြစ်ပေမယ့် နဂိုမူလ ပြဿနာ ရှိထားတဲ့ အစိတ်အပိုင်းကိုပဲ ဆက်ထည့်ထားတာ တွေ့လိုက်ရ တာပါ။ နောက်ဆက်တွဲအနေနဲ့ ပြန်လည် ပြင်ဆင် ပေးထားတဲ့ နောက်ထပ် ကား ၃ စီးကို ထပ်မံစစ်ဆေးခဲ့ပြီး အလားတူပဲ တွေ့ရှိခဲ့ရပြန်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၄ စီး ထပ်စစ်ဆေးရာမှာတော့ သေချာပြီးစီး အောင် ပြင်ဆင်ပေးထားတာ တွေ့ရပါတယ်။ အဆိုပါ ပြင်ဆင်ပေးထားတဲ့ ကား ၄ စီးမှာတော့ ဘယ်လို ချိတ်ဆက်မှု အမှားအယွင်း ပြဿနာ တစ်စုံတစ်ရာကိုမှ ‌မတွေ့ရတော့ပါဘူး။ ဒါပေမယ့် အောက်တိုဘာ လမှာ တုန်းက ထပ်မံ စစ်ဆေးခဲ့တဲ့ ကားတစ်စီးမှာတော့ ပြဿနာ ရှိနေတာကို ပြန်ကြုံလိုက်ရပြန်တာ ပဲဖြစ်လို့ အခုလိုမျိုး ဒုတိယအကြိမ် ပြန်လည်သိမ်းဆည်းဖို့ကို အကြောင်းဖန်လာခဲ့တော့တာပါ။

Photo Credit: motor 1.com

Kia အနေနဲ့ အခုကိစ္စမှာ အကျုံးဝင်မယ့် ပိုင်ရှင်တွေထံ လာမယ့် ၂၀၂၃ ၊ ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းကြားစာတွေ Email ပို့ပေးသွားတော့မှာ ဖြစ်ပါတယ်။ အရောင်းကိုယ်စားလှယ်တွေ ဘက်ကလည်း Power Relay Assembly ကို သေချာစစ်ဆေးပြီး Main Relay လဲ ပေးထားတာ ဟုတ်ရဲ့လား ဆိုတာ အတည်ပြုပေးရဦးမှာ ပါ။ဒါပေမယ့် ပြင်ဆင်စစ်ဆေးဖို့ အဆင့်အားလုံးအတွက် ကုန်ကျစရိတ် အခမဲ့ပဲ ဖြစ်ပါတယ်။ တကယ်တော့ ကား မော်ဒယ် တစ်မျိုးတည်းကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်သိမ်းဆည်းရခြင်းက Kia အတွက် ပထမဆုံး အကြိမ်တော့ မဟုတ်တော့ ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၈-၂၀၀၉ Sportage Crossover ကားတွေတုန်းကလည်း မီးလောင် နိုင်တဲ့ အခြေအနေနဲ့ပဲ Hyundai ကားတစ်ချို့နဲ့ အတူတူ ပြန်လည် သိမ်းဆည်းခဲ့ရသေးတာပါ။ ဒါကိုပဲ ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်းကမှ Sorento နဲ့ Sportage ကားတွေကို ဆားကစ်ဘုတ် မီးလောင်နိုင်တဲ့ အခြေအနေနဲ့ တစ်ကျော့ပြန်သိမ်းဆည်း ခဲ့ရပြန်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် လ အတွင်းတုန်းကလည်း Kia Telluride တို့ကို ဝိုင်ယာပိုင်း ပြဿနာရှိနေ တယ်ဆိုတဲ့ အခြေအနေနဲ့ ပြန်လည်သိမ်းဆည်း ရသေးတာဖြစ်လို့ Kia အတွက်ကတော့ ကံဆိုးမှုတွေပဲလို့ ဆိုရတော့မှာပါ။

Ref: motor 1.com