တောင်ကိုရီးယား ကားကုမ္ပဏီ Kia ကတော့ သူတို့ရဲ့ လျှပ်စစ်ကားသစ်တွေထဲ အကြီးဆုံးနဲ့ ဇိမ်ခံလို့ အကောင်းဆုံး ဖြစ်လာမယ့် EV9 Concept ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လတုန်းက စတင်ချပြလာခဲ့ပါတယ်။ မကြာခင် မှာပဲ အဆိုပါ ကားကြီးကို စတင် ထုတ်လုပ်တော့မှာ ဖြစ်ကာ Spy Shots တွေ အတော်များများကိုလည်း မြင်တွေ့ထားရပါပြီ။ ဒါကြောင့် အခုလို မိသားစုစီး လျှပ်စစ်ကားကြီး တစ်စီးရဲ့ အစောပိုင်း ပုံရိပ်တွေ မြင်ရဖို့ အတွက် ဒီဂျစ်တယ်ပုံကြမ်း တစ်ချို့ကိုလည်း စတင် ရေးဆွဲလာကြပြီ ဖြစ်ပါတယ်။ အခု မြင်ရတဲ့ ဒီဂျစ်တယ်ပုံကြမ်းကတော့ Kolesa.ru ကနေ ရေးဆွဲထားတာဖြစ်ပြီး အဆိုပါ SUV ရဲ့ ထုတ်လုပ်မယ့် ပုံစံနဲ့ အနီးစပ် ဆုံး တူညီမယ့်ကားလို့လည်း ယူဆရပါတယ်။ ဒါ့အပြင် Concept ကားတုန်းကနဲ့ ယှဉ်လိုက်မယ် ဆိုရင်လည်း ပိုပြီးထောင့်ကျကျနဲ့ ထုထည်ရှိတဲ့ Fenders တွေ ဘေးဘက်ပိုင်းတွေ အနီးစပ်ဆုံး တူညီလာတာ တွေ့ရမှာ ပါ။ ဒါပေမယ့် ကားတစ်စီးလုံး ခြုံကြည့်လိုက်မယ် ဆိုရင် တော့ Concept တုန်းကလိုပဲ ခပ်မြင့်မြင့် ထောင့်ကျကျ ထုနဲ့ထည်နဲ့ ကားပုံစံကိုဆက်ပြီး ဖန်တီးထားဆဲပါပဲ။

Photo Credit: motor 1.com

အခုလ အစောပိုင်းလောက်တုန်းက ထွက်ခဲ့တဲ့ တရားဝင် Teaser ကားပုံရိပ်တွေမှာတော့ ကားရဲ့နောက်မီး တွေကဒေါင်လိုက် ဖြစ်လာမယ်လို့ ဆိုထားပြီး ကားရဲ့ အရှေ့ဘက် မီးကြီးတွေနဲ့လည်း ပုံစံ အထားအသို အတူတူ ဖြစ်လာမယ်လို့ သိရပါတယ်။ ကားရဲ့ ဘေးဘက်ကတော့ ခပ်ပြားပြားပုံစံနဲ့အတူ အမိုးနဲ့ တွဲလိုက်မယ် ဆိုရင်တော့ လေးထောင့်ဆန်ဆန် ထုကြီးကြီးဆိုတဲ့ အရသာမျိုးကို ခံစားရစေမှာပါ။ အလိုအလျောက် ထွက်လာမယ့် တံခါးလက်ကိုင် ဒီဇိုင်းတွေကို သုံးထားတာကြောင့်လည်း ပိုပြီးရှင်းလင်း ကျော့ရှင်းနေသလို လေလမ်းကြောင်း အတွက်လည်း ကားကို ပိုကောင်းသွားစေပါတယ်။ အဆိုပါ ကားကို ထုတ်လုပ်ရာမှာ တော့ EV6 မှာသုံးခဲ့တဲ့ E-GMP Platform ကိုလည်း သုံးထားမှာဖြစ်ကာ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြထား သေးပေမယ့် Concept ကားတုန်းကနဲ့ အနီးစပ်ဆုံး တူညီလာလိမ့် မယ်လို့ ယူဆရပါတယ်။ အဆိုပါကား Concept Prototype မှာ တုန်းကတော့ တစ်ခါ အားသွင်းထားရင် မိုင် ၃၀၀ အထိ မောင်းနှင်နိုင်မယ်လို့ သိခဲ့သလို တစ်နာရီမိုင် ၆၀ နှုန်း အရှိန်တင်ဖို့ဆိုရင်လည်း ၅ စက္ကန့်အောက် လောက်ပဲကြာမှာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းကို မြင်ရဖို့ အတွက်တော့ အချိန်စောင့်ရဦးမယ်ဆိုပေမယ့် ၇ ယောက်စီး အမျိုးအစားကို ရွေးချယ် စရာ အဖြစ်တော့ အနည်းဆုံး ပါလာလိမ့်မယ်လို့ ယုံကြည်ရပါ တယ်။ လက်ရှိမှာတော့ အဆိုပါ ကားကို တောင်ကိုရီးယား မှာရှိတဲ့ Namyang သုတေသနစင်တာမှာ နောက်ဆုံး အဆင့်စမ်းသပ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပြီး အခုလာမယ့် ရက်သတ္တပတ်တွေထဲမှာတင် ကားသစ်ထုတ် လုပ်မှုကပိုပြီး ရုပ်လုံးပေါ်လာဖို့ ရှိလာနေပါတယ်။ ကားသစ် တရားဝင် မိတ်ဆက်နိုင်ဖို့ကိုတော့ နောက်နှစ်ထဲ အထူးသဖြင့် ဒုတိယ ၃ လပတ် ကာလလောက်မှာ ဖြစ်လာနိုင်ဖို့ ရည်မှန်းထားပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၅ သောင်း ဝန်းကျင် ကနေ စတင်လာဖို့ မျှော်လင့် ရပါတယ်။

Ref: motor 1.com