ကား တစ်စီးမှာ ဆိုင်ကယ်အင်ဂျင်တပ်ပြီး ပြောင်းလဲ ဖန်တီးကြည့်တာ မျိုးကတော့ ကားလောက ထဲက ဝါသနာပါတဲ့ သူတွေအဖို့ သိပ်တော့ မဆန်းကြယ်ပါ ဘူး။ အခု ဆိုရင်တော့ လျှပ်စစ်ကားလေး တစ်စီး ဖြစ်တဲ့ Nissan Leaf ကားကို Kawasaki ဆိုင်ကယ် အင်ဂျင် တပ်ဆင်ပြီး ဖန်တီး ပြထားတာကို SuperFastMatt ဆိုတဲ့ Youtuber တစ်ယောက်က ချပြလာပါတယ်။ တကယ်တော့ Nissan Leaf ဆိုတာ ပိုကောင်းတဲ့ မြန်နှုန်း ၊ စွမ်းဆောင်ရည်တွေနဲ့ နာမည်ကြီးတာ မျိုးတော့ မဟုတ်ပါဘူး။ အခုဆိုရင်တော့ အဆိုပါကားလေးကို Kawasaki ZX 10R အင်ဂျင် တပ်ဆင်ပေးလိုက် ပြီး Nissan 370 Z ၊ Ford Mustang ၊ Lexus IS350 ကားတွေ ဆီက အစိတ်အပိုင်း တွေကိုပါ ပေါင်းစပ် ဖန်တီး ပေးထားပါတယ်။ ဒါ့အပြင် အဆိုပါ ကားကို အင်ဂျင်အသစ် နဲ့အတူ Plug-In Hybrid ကားကောင်းလေး တစ်စီး ဖြစ်လာဖို့အတွက် အခြားသော Custom အစိတ် အပိုင်းတွေနဲ့လည်း ပေါင်းစပ် စီစဉ်ပေးထားပြီး စွမ်းဆောင်ရည် ကလည်း 280 hp အထိကို တက်လာတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

တကယ်တော့ မော်တော် ဆိုင်ကယ် အင်ဂျင်ကို ကား တစ်စီးမှာ တပ်ပြီး သုံးရတာ အတော်လေး ရှုပ်ထွေးတဲ့ လုပ်ငန်း တစ်ရပ်ပါပဲ။ အထူးသဖြင့် အင်ဂျင်ကို တပ်ဆင်ဖို့ အတွက် ပေါ့ပါးတဲ့ ကားဖြစ်ဖို့ လိုတာကြောင့် အခုလိုမျိုး ဘက်ထရီ လျှပ်စစ်ကားလေး Leaf ကို ရွေးချယ် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ Kawasaki ZX 10R ဆိုတာ ကတော့ နဂိုကတည်းက ကို တကယ် စွမ်းဆောင်ရည် ကောင်းတဲ့ အင်ဂျင် ဖြစ်တာ ကြောင့် အခုကားမှာ လည်း အခြား သော ပြင်ဆင်စရာ လေးတွေ ထပ်ထည့်လိုက်တဲ့ အခါ ပိုကောင်းတဲ့ ကား တစ်စီး ဖြစ်လာ ပါတော့တယ်။ ဒါပေမယ့် ဖန်တီးရတဲ့ စိန်ခေါ်မှုတွေ ကလည်း အပြည့် ဖြစ်လို့ နေတာပါ။ အခု အခြေခံသုံးထားတဲ့ Nissan Leaf ကားလေးမှာက ဘက်ထရီ ပြဿနာဖြစ်နေပြီး တစ်ခါ အားသွင်းထားရင်ကို ၂၅ မိုင် ပဲ မောင်းနိုင်တဲ့ အနေအထား ဖြစ်ပါ တယ်။ လျှပ်စစ်ကား ဖြစ်တာကြောင့်လည်း အင်ဂျင်ထည့်ဖို့ နေရာ အခြေခံတွေ လိုက်ဖြည့်ဆည်းရတာဟာ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး ကိုယ်ထည် တစ်ချို့အပိုင်း တွေ ၊ ဝင်ရိုးနဲ့ ဘီး တစ်ချို့ကို Lexus IS350 ကားဆီကနေ ပြန်ပြီးယူဆောင်ဖန်တီး ထားလိုက်တာပါ။

Photo Credit: motor 1.com

SuperFastMatt YouTube channel ကနေ ပြသထားပုံ အရတော့ ကားကို ထိန်းချုပ်ရတာက အရမ်းကြီးလည်း မလွယ်ကူနေပေမယ့် ရိုးရှင်းသလိုတော့ ရှိပါတယ်။ ပုံမှန် လျှစ်စစ်ကားလေး Leaf အတိုင်း မောင်းနှင်နိုင်မယ့် အပြင် တစ်ချိန်တည်းမှာပဲ Kawasaki အင်ဂျင်ကို ပိုအရှိန်မြှင့်သုံးကာ စွမ်းဆောင်ရည် ကောင်းကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ကားမှာ ပါပြီးသား လျှပ်စစ် မော်တာကနေ အင်ဂျင်ကို လှုပ် နှိုးနိုင်မယ့် LMP Hybrid စနစ်ကိုလည်း ထည့်ပေးထား ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအင်ဂျင်နဲ့ Nissan Leaf ကို ဖန်တီးထားတာကတော့ တကယ်ကို ထူးခြားတဲ့ လက်ရာတစ်ရပ်ပဲဖြစ်ပြီး ကားတစ်စီး ဈေးကွက် ထဲရောက်ပြီးရင် Tuning ပိုင်းအရ ဘာမဆို ပြန်လုပ်လို့ရသေးတယ်ဆိုတဲ့ အကောင်းဆုံးသော သက်သေတစ်ခုလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com