Stellantis Group ကတော့ အနာဂါတ် လျှပ်စစ်ကားလောက အတွက် ခြေလှမ်းသစ်တွေ ဆက်တိုက် လှမ်း နေပြီ ဖြစ်ပြီး Ford F-150 Lightning နဲ့ Chevrolet Silverado EV တို့ကို ယှဉ်ပြိုင်နိုင်မယ့် RAM EV ကို လည်း လာမယ့် ၂၀၂၄ မှာ ချပြနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ CEO ကတော့ Icon Brand တွေ ဖြစ်ကြတဲ့ Lancia နဲ့ Opel တို့ကိုပါ ကျော်ဖြတ်ပြီး အနာဂါတ် လျှပ်စစ်ကားကဏ္ဍရဲ့ ဦးဆောင်သူ ဖြစ် လာနိုင်ရမယ်လို့ ဆိုထားပါတယ်။ ဒါတင်မကသေးပဲ နာမည်ကျော် Dodge ကားတွေကိုလည်း လျှပ်စစ်ကား တွေအဖြစ် ပြောင်းလဲဖို့ စီစဉ် နေသလို လက်ရှိမှာလည်း Wrangler 4xe နဲ့ Grand Cherokee 4xe တို့ရဲ့ Plug-In Hybrid တွေကို ပြင်ဆင် နေပြန်ပါတယ်။ အခုဆိုရင်တော့ Jeep ရဲ့ လျှပ်တစ်ပြတ် ရိုက်ချက်လို့ ဆိုရမယ့်ပထမဆုံးသော လျှပ်စစ် SUV ကားကို လာမယ့်နှစ်မှာ ချပြလာတော့မှာ ဖြစ်ပြီး အဆိုပါ ကားသစ်ရဲ့ တရားဝင် ပုံရိပ်တစ်ချို့ကိုပါ မြင်လာရပြီ ဖြစ်ပါတယ်။
Jeep ရဲ့ အဆိုပါ ပထမဆုံးသော လျှပ်စစ်ကားအတွက် တရားဝင် နာမည်ကို မသိရသေးပေမယ့်လည်း Jeep Compass လိုမျိုး Compact ကိုယ်ထည် ကျစ်ကျစ်လစ်လစ် ပုံစံဖြစ်ကာ ၊ Floating အမိုးဒီဇိုင်း ၊ ခေတ်သစ် Jeep Grille ပုံစံနဲ့ Plastic Body Cladding တွေကို မြင်လာရပါတယ်။ ဒါ့အပြင် Satin Silver အရောင်နဲ့ Plate ပြား ၊ LED Headlamps ခပ်ပါးပါး နဲ့အတူ အလွိုင်းဘီးတွေကိုလည်း ထည့်သွင်း ထားပါသေးတယ်။ Jeep ကတော့ လာမယ့် ၂၀၃၈ မှာ လျှပ်စစ် စွမ်းအင် သီးသန့် ကားကုမ္ပဏီအဖြစ် ပြောင်းတော့မှာဖြစ်လို့ အခုကားက ပထမဆုံးသော လျှပ်စစ်ခြေလှမ်းသစ် ဖြစ်လာနိုင်ပါတယ်။ လက်ရှိ အချိန်ထိတော့ အဆိုပါ ကားသစ်ရဲ့ အသေးစိတ် အချက်အလက် တစ်ချို့ကို မသိရှိ ရသေးပေမယ့် ကားသစ်ကိုကတော့ လာမယ့်နှစ် အစပိုင်းလောက်မှာပဲ စတင်မြင်လာရဖို့ ရှိနေတာပါ။ ဒါကြောင့် မကြာခင်မှာပဲ တရားဝင် သတင်းအချက် အလက် တစ်ချို့ကို တဖြည်းဖြည်း ချပြလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ခန့်မှန်းလို့ရတာ တစ်ခုကတော့ ၂၀၂၃ မှာ စတင်ချပြလာမယ့် ကားဖြစ်တာကြောင့် STLA ရဲ့ Medium Platform ပေါ်မှာ အခြေပြု ဖန်တီး လာနိုင်ပြီး အဆိုပါ Platform ကိုတော့ Alfa Romeo ရဲ့ ထုတ်ကုန်တစ်ချို့မှာ အသုံး ပြုထားကာ ဘက်ထရီ Range အနေနဲ့ကတော့ ၄၃၅ မိုင် လောက်အထိ ရှိနိုင်တာ ဖြစ်ပါတယ်။
Stellantis ရဲ့ CEO ဖြစ်သူ Carlos Tavares ကတော့ Jeep ရဲ့ အနာဂါတ် အတွက် လျှပ်စစ်စွမ်းအင်ကပဲ အဖြေဖြစ် လာတော့မှာ ဖြစ်ပြီး လွတ်လပ်ပေါ့ပါး မှုနဲ့ စတိုင်ကျ လှပမှုတွေကိုပါ ပေါင်းစပ်လာမှာ ဖြစ်တယ် လို့ ဆိုထားပါတယ်။ ပထမဆုံးသော Jeep လျှပ်စစ် ကားကတော့ ၂၀၂၅ မှာ Jeep ရဲ့ SUV Lineup တွေ အကုန်လုံး လျှပ်စစ်ကားတွေ ချည်း ဖြစ်သွားစေမယ့် လမ်းကြောင်းရဲ့ အစလည်း ဖြစ်နေပါတယ်။ Stellantis ကတော့ အဆိုပါ Jeep ကားဖြစ်ပြီးရင် ၂၀၂၃ ခုနှစ်ထဲမှာ RAM Commercial Van ကား နဲ့ ၂၀၂၄ မှာ တော့ Light-Duty Truck ကား တွေကို ဆက်တိုက် ချပြလာမယ် လို့ ဆိုထားပါတယ်။ နောက်ပိုင်း ၂၀၂၄ ထဲမှာတော့ လမ်းကြမ်းသီးသန့် EV တွေနဲ့ မိသားစု SUV EV တွေကို ဆက်တိုက် မြင်ရဖို့ ရှိနေပြီး Dodge EV Muscle ကားတွေကိုတော့ ၂၀၂၄ ၊ Chrysler ဆီက မိသားစုစီး လျှပ်စစ်ကားတွေကိုတော့ ၂၀၂၅ လောက်မှာ ဆက်တိုက် မြင်လာရမှာပါ။ ဒါကြောင့် ၂၀၃၀ လောက် အရောက်မှာဆိုရင် Stellantis ဆီက အနည်း ဆုံးတော့ လျှပ်စစ်ကားသစ် ၂၅ စီးလောက် အထိကိုမြင်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လာ မယ့် ၂၀၂၄ လောက်မှာ Level 3 အဆင့် STLA AutoDrive Hands-Free Eyes-Off အဆင့်မြင့် မောင်းသူ မဲ့ စနစ်ကိုလည်း မြင်တွေ့လာရဖို့ ရှိနေပြီး Level 4 နဲ့ Level 5 အဆင့်ကားတွေကိုတော့ Waymo ရဲ့ ပစ္စည်း ပို့ဆောင်ရေး မောင်းသူမဲ့ ကားတွေကနေ စတင် အကောင်အထည် ဖော်လာနိုင်တာဖြစ်ပါတယ်။ အဆိုပါ စီးပွားရေးဆိုင်ရာ ယာဉ်တွေကလည်း မောင်းသူမဲ့ လျှပ်စစ် ကားလောကကြီး တစ်ခုလုံးအတွက် အတော်အ ရေးပါနေတာ ဖြစ်ပြီး အမေရိကမှာဆိုလာမယ့် ၂၀၂၇ မှာ အကုန်လုံးနီးပါး လျှပ်စစ်ကားတွေဖြစ်အောင် စီစဉ် နေပြီဖြစ်ကာ ထုတ်ကုန်အသစ် ၂၆ မျိုး လောက်အထိကို ဆက်တိုက်မြင်တွေ့လာ ရဖို့ရှိနေပြီပဲ ဖြစ်ပါတယ်။
Ref: carbuzz.com