လျှပ်စစ် ကားတွေဘက်ကို ကူးပြောင်းလာနေကြတဲ့ ခေတ်ကြီးထဲမှာ လျှပ်စစ်ကားရဲ့ ဘက်ထရီက အရည် အသွေး ကောင်းမနေဘူး ဆိုရင်တော့ ရေလေး ခပ်ဝပ်ဝပ်ထဲ ရောက်တာနဲ့ သေချာပေါက် စက်သေသွားမှာပါ။ ဒါတင် မကသေးပဲ သာမန်အင်ဂျင် ကားတွေကနေ လျှပ်စစ်ကားတွေဘက်ကို ကူးပြောင်းဖို့အတွက် သုံးစွဲသူ အများစု လက်တွန့်နေရခြင်း အကြောင်းကတော့ တစ်ခါအားသွင်းထားပြီးရင် ဘယ်လောက်အထိ မောင်းနိုင် မလဲဆိုတဲ့ Range ပြဿနာ ပါပဲ။ ဒါပေမယ့်လည်း နာမည်ကြီး BMW တို့လို ကုမ္ပဏီတွေကတော့ နေ့စဉ်သုံး လျှပ်စစ် ကားတစ်စီး အတွက် အရမ်းကြီး Range များနေရမယ် ဆိုတာမျိုးကို သိပ်ပြီး သဘောမတူကြ ပြန် ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကားကုမ္ပဏီ အတော်များများ ကတော့ လျှပ်စစ်ကားတွေ ဘက်ကိုရအောင် ကူး ပြောင်းနေပြီ ဖြစ်ပြီး မြောက် အမေရိက တစ်လွှားမှာ လည်း ဘက်ထရီ စက်ရုံသစ်တွေ ဆက်တိုက် တည် ဆောက်နေကြပါတယ်။ လက်ရှိမှာတော့ Mercedes-Benz တို့ ကလည်း အလာဘားမား ပြည်နယ်ရဲ့ Tuscaloosa ဒေသမှာ ဒေါ်လာ ၇ ဘီလီယံတန် ဘက်ထရီ စက်ရုံအသစ် တည်ဆောက် ဖို့ ပြင်ဆင်နေပြန်ပါ ပြီ။ ဂျပန် အင်အားကြီး Toyota တို့ကလည်း Hybrid ကားတွေအတွက် ဘက်ထရီ စက်ရုံကို ဒေသတွင်းမှာ တည်ဆောက်လာနေသလို နောက်ထပ် နာမည်ကြီး စုပေါင်း ကားကုမ္ပဏီ Stellantis တို့ ကပါ အခု ဆိုရင် တော့ သူတို့ရဲ့ ရှေ့လျှောက် ဘက်ထရီ ထုတ်လုပ်မှု တိုးတက်ရေး အပိုင်းကို ချပြလာခဲ့ပါပြီ။

Photo Credit: motor 1.com

LG နည်းပညာ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဒေါ်လာ ၅ ဘီလီယံ တန် CAD အစီအစဉ် ရင်းနှီး မြုပ်နှံမှုကို Stellantis တို့က တရားဝင် ကြေညာလာခဲ့တာ ဖြစ်ပြီး ကနေဒါ နိုင်ငံ ၊ Ontario ရှိ Windsor ဒေသမှာ Lithium-Ion ဘက်ထရီ တွေကို ထုတ်လုပ် သွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါဒေသမှာ ထုတ်လုပ်မယ့် ဘက် ထရီ တွေကတော့ မြောက်အမေရိက ဈေးကွက်ထဲက လျှပ်စစ် ကားအသစ်အတွက်ကို သီးသန့်ရည်ရွယ် ထားတယ်လို့လည်း သိရပါတယ်။ အဆိုပါ စက်ရုံ အသစ်ကိုတော့ တရားဝင် မိတ်ဆက်ဖွင့်လှစ်မှုတွေနဲ့အတူ လာမယ့် ၂၀၂၄ အစောပိုင်း မှာပါ စတင် မြင်လာ ရနိုင်ပါတယ်။ လက်ရှိမှာတော့ သူတို့ အတွက် ပထမဆုံး သော လျှပ်စစ်စွမ်းအင်သုံး RAM 1500 နဲ့ Dodge Muscle Cars တွေကို စတင်ချပြတော့မှာပါ။ ဒါပေမယ့် လည်း အဆိုပါ စက်ရုံမှာတော့ အခြားသော လျှပ်စစ်ကားသစ်တွေ ဖြစ်ကြတဲ့ Jeep Wrangler 4xe Hybrid လို ကားမျိုးတွေပါ တစ်ပါတည်း ထုတ်လုပ်ဖြစ်မှာလား ဆိုတာကတော့ မသေချာ သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Stellantis ရဲ့ တာဝန်ရှိသူတွေကတော့ အခုစက်ရုံ အသစ်တည်ဆောက်မှုကနေ Windsor ဒေသ တစ်ဝိုက် မှာ ရှိသူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၂,၅၀၀၀ လောက် အထိ ဖန်တီးပေးနိုင်လိမ့်မယ် လို့ ဆိုထား ပါတယ်။ ဒီ စက်ရုံသစ် ကြီးကို ဒီနေရာမှာ တည်ဆောက်ရတယ် ဆိုတာ တကယ်ကို မဟာဗျူဟာ ကျတဲ့ ‌ရွှေ့ကွက်တစ်ခု ဖြစ်ပြီး အကြောင်း ကတော့ နိုင်ငံရဲ့ အဓိက ကားလုပ်ငန်းတွေတည်ရှိရာ နေရာလည်း ဖြစ်တာကြောင့် ကုန်ကြမ်းထောက်ပံ့ မှု ကွင်းဆက်တွေလည်း ပိုပြီးသေချာ စိတ်ချရတာ ဖြစ်ပါတယ်။ တစ်ခု ရှိတာကတော့ အခု စက်ရုံအသစ်ကို ကြေညာလိုက်ခြင်းအားဖြင့် လာမယ့် ၂၀၃၀ အစီအစဉ်တွေနဲ့ ပတ်သက် လို့ ပိုပြီး သေချာသွားတဲ့ သဘောမှာ ရှိပါတယ်။ အဓိက ၂၀၃၀ ရည်ရွယ်ချက် ကတော့ ကုမ္ပဏီရဲ့ မြောက် အမေရိက ဈေးကွက် အတွက်ကို အဓိက ရည်ရွယ်ထားတဲ့ ခြေလှမ်း ဖြစ်ပြီး ခရီးသည်တင် ကားတွေရော ကုန်တင်ကားတွေရောက အစ အကုန်လုံးကို လျှပ်စစ် ကားတွေ အနေနဲ့ ထုတ်ပေး နိုင်ဖို့ ဖြစ်ပါတယ်။ အခု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အခုမှ စတင်မယ့် လျှပ်စစ် ကားကုမ္ပဏီ အသေးလေး တွေ အတွက်ကို လည်း အရှိန်အဟုန် ကောင်းသွားအောင် ဒေါ်လာ ၃၂၉ မီလီယံ လောက် အထိ ထောက်ပံ့ပေးမယ့် အပိုင်း တွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com