ဂျပန် နာမည်ကြီး ကားကုမ္ပဏီ အတော်များများ ကတော့ လျှပ်စစ်ကားတွေနဲ့ ပတ်သက်တဲ့ ဗျူဟာတွေကို ပြန်လည် စဉ်းစားပြောင်းလဲသင့်နေပါပြီ။ Climate Thinktank InfluenceMap ဆိုတဲ့အဖွဲ့ရဲ့ စစ်တမ်းတွေ အရတော့ Honda ၊ Nissan နဲ့ Toyota တို့ဟာ ပြိုင်ဘက်တွေ ထက်စာရင် လျှပ်စစ်ကား အနာဂါတ် ဘက် ကို အကူးအပြောင်းမှာ သိသိသာသာ နောက်ကျနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ စာရင်းတွေ အတိအကျ မကောက်ကြည့်ရင်တောင်မှ လောလောဆယ် အချက်အလက်တွေကို ကြည့်လိုက်ရင် သိသာနေပြီး Honda ဆိုရင် e:Ny1 ဆိုတဲ့ 2024 Model ကို ထုတ်လုပ် ထားရာမှာ အခြားသော ပြိုင်ဘက်တွေလောက်ကို လျှင် လျှင်မြန်မြန် မဖြန့်ချီနိုင် ဖြစ်နေတာ တွေ့ရမှာပါ။ Toyota ဆိုရင်လည်း သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကား bZ4X မှာ အလားတူ အခြေအနေပဲ ရှိနေပြီး Subaru ကိုယ်တိုင် ကလည်း အဆိုပါ ကားနဲ့ အတူတူ လိုက်ပြီး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ လျှပ်စစ်ကဏ္ဍထက်ကို ပိုပြီး Toyota တို့ အားစိုက်နေ တာက ဟိုက်ဒရိုဂျင်စွမ်းအင်ပိုင်းကို ဖြစ်နေပါတယ်။ ‌လေ့လာချက်တွေ အရတော့ လာမယ့် ၂၀၂၉ အရောက် မှာ Toyota ရဲ့ စုစုပေါင်းထုတ်လုပ်မှု ၁၄ % လောက်သာလျှင် လျှပ်စစ်ကားတွေ ဖြစ်လာ နိုင်ပြီး Honda ဆိုရင်လည်း ၁၈ % လောက်ပဲ ရှိနိုင်ကာ Nissan ကတော့ ၂၂ % လောက် ရှိလာမယ်လို့ ခန့်မှန်းထားကြ တာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

တစ်ချိန်တည်းမှာပဲ အဓိက ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Ford နဲ့ VW တို့ဆိုရင်  အဆိုပါ ၂၀၂၉ အရောက် မှာ လျှပ်စစ် ကား ပမာဏ က ၃၆ % နဲ့ ၄၃% လောက် အထိကို အသီးသီး ထုတ်လုပ်နေနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ဂျပန် ကုမ္ပဏီတွေကတော့ ယခင်ကထက် စာရင်အပြောင်းအလဲ တွေကို စလုပ်နေကြ ပြီလို့ ဆိုရမှာပဲ ဖြစ်ကာ Honda ဆိုရင်လည်း လာမယ့် ဆယ်နှစ်လောက်စာကို $ 39 Million လောက်အထိ ရင်းနှီးထား လိုက်ပါတယ်။ ဒါတောင်မှ Mercedes-Benz တို့နဲ့ Ford တို့နဲ့ ယှဉ်လိုက်ရင် ပမာဏတွေက သိသိသာသာ နည်းပါးနေသေးပြီး Subaru ဆိုရင်လည်း လာမယ့် ၅ နှစ် အတွင်း ဘက်ထရီပိုင်း တိုးတက်စေ ဖို့ အတွက် $1.9 Billion လောက်ပဲ ရင်းနှီးမြုပ်နှံ လာတာ တွေ့ရတာပါ။ Toyota အတွက် ကံမကောင်းတာ တစ်ခုကတော့ အဓိကအားထားနေတဲ့ ဟိုက်ဒရိုဂျင်က အနာဂါတ်မှာ ခြေလှမ်းကောင်း တစ်ရပ်မဟုတ် နိုင်သေးတာ ပါပဲ။ အသုံးပြုသူတွေရဲ့ အမြင်အရရော လေ့လာချက် တွေအရပါ ဟိုက်ဒရိုဂျင်ကို နောက်ထပ် ဖြစ်နိုင်ချေ နည်းလမ်းတွေအဖြစ် ယူဆထားကြတာ နည်းနေတာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း Toyota ရဲ့ Mirai လိုမျိုး ဟိုက်ဒရိုဂျင်ကားမျိုးတွေ  အခုတိုင်းဆက်လုပ်မယ် ဆိုရင်တော့ ၂၀၂၉ လောက်မှာ တစ်ကမ္ဘာ လုံး အတိုင်းအတာရဲ့ ၀.၁ % လောက်ပဲ ရှိနေဦးမှာပါ။

Photo Credit: CARBUZZ

ဒါတင်မကသေးပဲ နောက်ထပ်တစ်မျိုး ဖြစ်တဲ့ Hybrid ကားတွေဆိုတာကလည်း Toyota ကို မကယ်နိုင်ပြန် ပါဘူး။ သာမန် အင်ဂျင်တွေကိုမှ Hybrid နဲ့ ရောသုံးထားတဲ့ ကားတွေကို အမေရိကနဲ့ ဂျပန်တို့လို ကောင်း ကောင်း ဖွံ့ဖြိုး ပြီးသား ဈေးကွက်တွေထဲမှာ ရောင်းအား ဆက်ကောင်းဖို့ ကြိုးစားနေသေးတာ တွေ့ရပြီး တစ်ဖက်မှာလည်း အလားတူ အင်ဂျင်ပါတဲ့ လျှပ်စစ် ကားတွေဆီကလည်း ရာသီဥတု ပြောင်းလဲမှုအတွက်ကို သက်ရောက်မှု ရှိနေသေးတယ်လို့ သိပ္ပံပညာရှင်တွေ ထောက်ပြ ထားပါသေးတယ်။ လက်ရှိ မှာတော့ အဆိုပါ စစ်တမ်း လေ့လာသူတွေထဲက Youriev ဆိုသူကတော့ Toyota နဲ့ Nissan တို့က အခြေအနေတူ ပြဿနာ တွေကို ရင်ဆိုင်နေရပြီး အနာဂါတ် မှာလည်း လျှပ်စစ် ကား အနည်းငယ်ပဲထုတ်လုပ် နိုင်မှာမျိုးကိုပဲ မြင်နေရ တယ်လို့ တွက်ဆပြထားပါတယ်။ Honda ကတော့ အခုလို အခြေအနေ တွေကနေ နည်းနည်း လွတ်မြောက် နိုင်ချေရှိတယ် ဆိုပေမယ့်လည်း ဂျပန် ကားကုမ္ပဏီ တစ်ခုအနေနဲ့ တော့ အနည်းနဲ့ အများအားနည်း နေဦးမှာ ပါပဲ။ ဒါကြောင့် လျှပ်စစ်ကားတွေ လွှမ်းမိုးမယ့် အနာဂါတ်သစ် မှာတော့ ဂျပန် ကားကုမ္ပဏီတွေ ဘယ်လို အမှီလိုက်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com