နာမည်ကျော် ဂျိန်းစ်ဘွန်း ရုပ်ရှင်တွေ အကြောင်း ပြောမယ်ဆိုရင်တော့ Land Rover ကားတွေက Aston Martin လောက် ရုပ်ရှင်နဲ့ သိပ်တွဲပြီး မှတ်မိကြလိမ့်မယ် မထင်ပါဘူး။ ဒါပေမယ့်လည်း ၁၉၈၃ ခုနှစ်က Octopussy ဆိုတဲ့ ဇာတ်လမ်းပိုင်းမှာ Range Rover Rapport Huntsman ကို စသုံးခဲ့တာက စလို့ နောက် ပိုင်း ဂျိန်းစ် ဘွန်းဇာတ်လမ်းတွေ ထဲမှာတော့ Land Rover ကားတွေကလည်း အတိုင်းအတာ တစ်ခုအထိ ပါဝင်ခဲ့ ဖူးတာ ဖြစ်ပါတယ်။ ဒါကို အမှတ်တရ ဖြစ်စေဖို့ အတွက် ရည်ရွယ်ပြီး အခုဆိုရင် Land Rover ကနေ James Bond ကားတွေရဲ့ စတန့် ယာဉ်မောင်းလည်း ဖြစ် ကျွမ်းကျင်ယာဉ်မောင်းလည်း ဖြစ်တဲ့ Mark Higgins နဲ့ အတူ Defender 90 အထူးထုတ် ကားသစ်တစ်စီး ကို ချပြ ခဲ့ ပါတယ်။ အဆိုပါ ကားကိုတော့ James Bond ရုပ်ရှင် နှစ် ၆၀ ပြည့် အတွက် အမှတ်တရ ဖန်တီး ထုတ်လုပ်လိုက်တာ ဖြစ်ပြီး Bowler Defender Challenge One-Make Race Series ပွဲကြီးမှာ မောင်းပြမှာလည်း ဖြစ်ပါတယ်။ အဆိုပါ ကား မောင်းပွဲကြီးကိုတော့ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ North Wales Leg မှာ ကျင်းပသွားမှာပါ။

Photo Credit: MotorAuthority

အခု အထူးထုတ် Defender ကားအသစ် မှာတော့ James Bond နှစ် ၆၀ ပြည့် ဆိုတဲ့ စာသားတွေကို ထင် သာ မြင်သာ ရှိအောင် ထည့်‌ပေးထားတာဖြစ်ပြီး ရုပ်ရှင် သက်တမ်းတစ်လျှောက် ဇာတ်လမ်း နာမည် ၂၅ ခု လုံးရဲ့ နာမည်တွေ ကိုလည်း ထည့်သွင်း ထားပါသေးတယ်။ ကားပြိုင်ပွဲတွေမှာ မြင်ရလေ့ရှိတဲ့ ကားတွေ အတိုင်း Roll Cage တစ်ခု၊ Sports အိတ်ဇော၊ အင်ဂျင်အတွက် အဆင့်မြင့် Cooling စနစ်တို့ကို ထည့်သွင်း ထားတာပါ။ အင်ဂျင်ပိုင်း ကလည်း P 300 Grade ရဲ့ 2.0 Liter Turbocharged Inline-4 ကို သုံးပေးထား တာကြောင့် စွမ်းဆောင်ရည်ကလည်း 296 hp အထိကိုရှိနေပါတယ်။ ဒါ့အပြင် Land Rover တွေက ရုပ်ရှင် ထဲထက် ရိုက်ကွင်းမှာ အတော်လေး အသုံးဝင် အရေးပါ ခဲ့တဲ့ ကားတစ်စီး ဖြစ်ပြီး ရိုက်ကွင်း ပစ္စည်းတွေ သယ်ဆောင်ရတာတွေ အပြင် ကင်မရာကား အနေနဲ့ လျှောက်သွား ရိုက်ကူးပေးရတာ တွေလည်း ပါဝင် ပါ တယ်။

Photo Credit: MotorAuthority

အခု နောက်ဆုံးထွက်ထားတဲ့ No Time To Die ရုပ်ရှင် ကြီးမှာလည်း စတန့်ပြကွက်တွေ အတော်များများ ကို ကိုယ်တိုင် မောင်းနှင်ခဲ့ ရတဲ့ Higgins ကလည်း  Defender ကားတွေဆိုတာ ရိုက်ကွင်းထဲမှာလည်း တကယ်ကို မာကြောပြီး ဘက်စုံသုံးလို့ ကောင်းတဲ့ ကားတစ်စီး ဖြစ်ကာ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရွေးသုံး လို့ ကောင်းတဲ့ကားတွေပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Land Rover ကလည်း James Bond ဇာတ်လမ်း တွေနဲ့ တရားဝင် ပူးပေါင်းတာ မျိုးတွေ ပြုလုပ်ထားပြီး မနှစ်တုန်းကပဲ No Time To Die ရုပ်ရှင်အတွက် Special Edition Defender V8 Grade အထူးထုတ် ကား အသစ် တစ်စီးကို ချပြခဲ့သေးတာ ဖြစ်ပါတယ်။

Ref: MotorAuthority