Jaguar ကားကုမ္ပဏီကြီး ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ထဲမှာ သူ့ရဲ့ ရောင်းအား ကျဆင်းလာမှုတွေကို အတော် လေး ကျား ကန်ထားရတာ တွေ့ရပါတယ်။ ၂၀၂၁ ထဲမှာတော့ ကားအစီးရေ ပေါင်း ၈၆,၂၇၀ စီးပဲ ရောင်းခဲ့ရ လို့ ယခင် ကထက် ၁၅.၈% အထိ ကျဆင်းခဲ့ ရတာပါ။ လက်ရှိမှာတော့ ဒါကို ကောင်းကောင်း ဖြေရှင်းနိုင်ဖို့ အတွက် ကုမ္ပဏီ ဘက်ကနေ အပြောင်းအလဲ ကြီးကြီးမားမားတွေ ရှိလာဖို့ ပြင်ဆင်နေခဲ့ပါပြီ။ အဆိုပါ အပြောင်းအလဲကတော့ အဆင့်အတန်း မြင့်မြင့် ၊ အဆုံးစွန်အထိ ကောင်းမွန်မယ့် လျှပ်စစ်သီးသန့် ကားတွေ ကို ချပြဖို့ ဖြစ်ပြီး အထူးသဖြင့် အဓိက ပြိုင်ဘက် တွေ ဖြစ်တဲ့ Aston Martin နဲ့ Bentley တို့ကိုပါ ကောင်း ကောင်း ယှဉ်လာနိုင်ဖို့ ဖြစ်ပါတယ်။

                                                                  Photo Credit: MotorAuthority

အဆိုပါ လျှပ်စစ်ကားသစ်တွေထဲက ပထမဆုံးသော ကား ၃ မျိုးကိုတော့ လာမယ့် ၂၀၂၅ မှာ စတင် ရောင်းချ နိုင်ဖို့ ပြင်ဆင်နေပြီး လက်ရှိဈေးကွက်ထဲက Jaguar ကား မော်ဒယ်တိုင်းကိုတော့ ရှေ့ဆက် ဖြစ်တော့မှာ မဟုတ်ပါဘူး။ အဆိုပါ ကားသစ်တွေထဲက‌ တစ်စီးကိုတော့ လာမယ့် ၂၀၂၄ နှောင်းပိုင်းလောက် ထဲမှာ မြင် လာရဖို့ ရှိနေပါတယ်။ Jaguar အနေနဲ့ သူ့ရဲ့ အနာဂါတ် Lineup အသစ် တွေနဲ့ ပတ်သက်လို့ Autocar ကို ပြောကြားရာမှာတော့ SUV အသစ် ၃ စီးကိုအရင် မြင်ရမယ်လို့ တရားဝင် အတည်ပြုခဲ့ပါတယ်။ အဆိုပါ ကား ၃ စီးထဲမှာတော့ တံခါး ၂ ပေါက် နဲ့က တစ်မျိုး၊ တံခါး ၄ ပေါက် နဲ့က တစ်မျိုး စသဖြင့် အရွယ်အစား အလယ်အလတ်ရှိ ကားတွေ ပါလာနိုင်သလိုအရွယ် အစားကြီးတဲ့ Full Size SUV လည်း ပါလာမယ်လို့ သိရပါတယ်။ ကားတွေကတော့ အမျိုးအစား အမြင့်တွေချည်း ဖြစ်လာနိုင်တာကြောင့် အနိမ့်ဆုံး ဈေးတင်ပဲ ဒေါ်လာ 97,500 လောက်ကနေ စတင်လာနိုင်မယ်လို့ သိရပါတယ်။

   Photo Credit: MotorAuthority

Jaguar ကတော့ ကိုယ်ပိုင် Platform တစ်ခုဖြစ်တဲ့ Panthera ကိုလည်း ဖန်တီးနေတာဖြစ်ပြီး Magna နဲ့ Nvidia တို့နဲ့လည်း ပူးပေါင်း လုပ်ကိုင်နေတာပါ။ Magna ကတော့ Jaguar ရဲ့ I-Pace ကတည်းက အတူတူ လုပ်ကိုင်နေတာ ဖြစ်ပြီး အဓိက ကတော့ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းစေမယ့် စက်အစိတ်အပိုင်းတွေ ဖန်တီးနိုင်ဖို့ ဖြစ်ကာ ကား ကုမ္ပဏီ အများစုနဲ့ လက်တွဲထားတဲ့ Nvidia ကတော့နည်းပညာပိုင်း ချိတ်ဆက်မှု တွေနဲ့ မောင်းသူမဲ့ အပိုင်းတွေမှာ ပိုအားစိုက် ပေးနိုင်ဖို့ပါပဲ။ ဒါပေမယ့် ဒီ သတင်းအရ ဝမ်းနည်းဖို့ ကောင်းတဲ့ တစ်ချက်ကတော့ Jaguar ဆီကနေ အနာဂါတ် အတွက် Sports Car အကြောင်း လုံးဝ ထွက်မလာခဲ့တာ ပါပဲ။ ဒါပေမယ့် လက်ရှိ Formula E ပြိုင်ပွဲမှာ ပါဝင် နေတာရယ် ၊ Vision Gran Turismo Concept တွေရယ်အရတော့ အစီအစဉ် ရှိနေဆဲလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း အလန်းစားချပြနိုင်မယ့် Sports Car တစ်စီး မတိုင်ခင်မှာတော့ ကားသစ်တွေနဲ့အတူ ဈေးကွက် ပြန်ယူကာ ကုမ္ပဏီရဲ့ ငွေကြေးပိုင်းကို အရင် ခိုင်မာအောင် အာရုံစိုက် ရနိုင်ပါသေးတယ်။

Ref: MotorAuthority