ကားကောင်း ကားဟောင်းတွေထဲကမှ တကယ့် ဂန္ဓဝင် ကားလက်ရာတွေကို ပြန်လည် ဖန်တီးပေးနေကြဖြစ်တဲ့ ဂျပန် နာမည်ကျော် Mitsuoka ကတော့ အခု ဆိုရင်လည်း ထူးထူးဆန်းဆန်း အပြင်အဆင် တစ်ရပ်ကို ဖန်တီးပေးလာ ခဲ့ပြန်ပါတယ်။ အခု ဖန်တီးမှု အတွက် အဓိက သုံးထားတာကတော့ Toyota Yaris ကားသစ် ပါပဲ။ Mitsuoka Viewt ဆိုတဲ့ ကားအပြင်အဆင် တွေကတော့ ၁၉၉၃ ကတည်းက စတင်လာခဲ့တာဖြစ်ပြီး အခုလက်ရာကိုလည်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် ပွဲထုတ်ပေးထားတာပါ။ ပထမဆုံး မျိုးဆက် အနေနဲ့ ပွဲထုတ်ခဲ့တဲ့ကား‌မှာ ဆိုရင်တော့ Nissan ရဲ့ Platform တွေကိုသုံးခဲ့ပြီး အခု လေးခု မြောက် မျိုးဆက်မှာတော့ အတော်လေး ဆန်းဆန်းပြားပြား ဖြစ်စေမယ့် ၁၉၆၃ ခုနှစ်က Jaguar Mark2 ရဲ့ အသွင်အပြင်ကို စီစဉ်ပုံဖော် ပေးထားလိုက်ပါ တယ်။

PhotoCredit: AllAutoExperts

အခု မြင်ရတဲ့ Mitsuoka Viewt ကားရဲ့ မျက်နှာစာပိုင်း ကတော့ ယခင်ခေတ်က ကားတွေလို မီးကြီး အဝိုင်းတွေ ၊ Chrome ဘန်ဘာတွေနဲ့ Jaguar ပုံစံ Grille တွေကို နီးနီးကပ်ကပ် ထည့်ပေးထားတာမျိုး ဖြစ်ပါတယ်။ အင်ဂျင် စက်ဖုံး နဲ့ အရှေ့ဘက် Fenders တွေကလည်း ရှေးဟောင်းပုံစံပဲဖြစ်ကာ တံခါးတွေအထိ တစ်တန်းထဲဖြစ်တဲ့ Chrome Line လေးတွေ နဲ့ ခွဲခြားထားပါသေးတယ်။ အရှေ့ဘက် အသွင်အပြင် ခေတ်ဟောင်း ပုံစံကနေ အနောက်နဲ့ ဘေးဘက် အရောက် မှာတော့ ကွဲထွက်လာခဲ့ပြီး Yaris ရဲ့ ပုံစံကို ဆက်ပြီး ထိန်းပေးထားတာ ကိုလည်း တွေ့ရမှာပါ။ ဒါ့အပြင် အခု ကားမှာ ၁၄ လက်မ အရွယ် Steelies တွေကို Chrome Infusion ဒီဇိုင်းတွေ အပြင် သီးသန့် အရောင်လေးနဲ့လည်း အလှ ဆင်ထည့်သွင်းပေးထား ပါတယ်။ Mitsuoka ဆိုတဲ့ အမှတ်တံဆိပ်လေး ကိုလည်း ကားရဲ့ စတီယာတိုင်မှာပါ ထည့်သွင်းထားလိုက်ပြီး အတွင်းပိုင်းမှာ ဆိုရင်တော့ အရောင် မှိန်မှိန် Trim လေးတွေကို ထိုင်ခုံတွေ ၊ Dashboard တစ်လျှောက်နဲ့ တံခါးတွေမှာ ထည့်ပေးထားတာ ဖြစ်ပါတယ်။

PhotoCredit: AllAutoExperts

အခုကားမှာ သုံးထားတဲ့ TNGA-B Platform နဲ့ အခြားသော စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကတော့ ဂျပန် ဈေးကွက် ထဲက Yaris နဲ့ အတူတူပဲ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း 1.0 Liter ဒါမှမဟုတ် 1.5 Liter Three-Cylinder ဓာတ်ဆီ အင်ဂျင်ကို ရွေးနိုင်ကာ တစ်ဖက်မှာလည်း ပိုပြီး ဆီစားသက်သာတဲ့ 1.5 Liter Hybrid အင်ဂျင် အမျိုးအစားကိုလည်း ရွေးနိုင်ဦးမှာပါ။ ကားကိုတော့ Two-Wheel Drive ဒါမှမဟုတ် Four-Wheel Drive စနစ်တွေ အဖြစ် ရွေးချယ် နိုင်ဉီးမှာ ဖြစ်ပြီး Six-Speed Manual ဂီယာကိုမှ  အမျိုးမျိုး ချိန်ညှိလို့ရတဲ့ ပုံစံ ၊ ဒါမှမဟုတ် Electronically Controlled Transmission ပုံစံ စသဖြင့် ဝယ်ယူနိုင်မှာပါ။ အခု ကားလေး ရဲ့ Base Model အတွက် ဈေးကတော့ $ 22,295 ဖြစ်ပြီး 1.0 Liter အင်ဂျင်နဲ့ 2WD Manual ဂီယာတို့ ပါဝင်လာမှာပါ။ တကယ်လို့ အဆင့်မြင့် Hybrid Model ကိုပဲ ဝယ်ယူချင်တယ် ဆိုရင်တော့ $ 31,145 အထိကို ဈေးရှိမှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts