နာမည်ကျော် Volkswagen ကား ကုမ္ပဏီကတော့ လျှပ်စစ်ကား ခြေလှမ်းအသစ်တွေကို ခပ်သွက်သွက် လျှောက်လှမ်းလာ နေတာ ဖြစ်ပြီး သူတို့ရဲ့ အဓိက ရည်မှန်းချက်ကတော့ အခု အဓိက လျှပ်စစ် ကားကုမ္ပဏီ ဖြစ်နေတဲ့ Tesla ကို ကျော်တက်နိုင်ဖို့ပါပဲ။ ကုမ္ပဏီ ကနေ လတ်တလော နောက်ဆုံး ထုတ်လုပ်ထားတာက တော့ အတော်များများ စောင့်မျှော်နေကြတဲ့ ID.Buzz လျှပ်စစ် Van ကားလေးပဲ ဖြစ်ပါတယ်။ အဆိုပါ ကား ကို ပြီးခဲ့တဲ့ မေလ တုန်းကမှ ဥရောပ ‌ဈေးကွက်အတွက် စတင်မိတ်ဆက်ခဲ့တာ ဖြစ်ကာ အမေရိက ဈေးကွက် အတွက်ကိုတော့ ပိုရှည်တဲ့ ကား တစ်စီးအနေနဲ့ အင်ဂျင်ပါဝါ ပိုများပြီး ပိုကောင်းတာကို ချပြပေးဖို့ ရှိသေးလို့ စောင့်ဆိုင်းရဦးမှာပါ။ အခုမြင်ရတဲ့ ဥရောပဈေးကွက်အတွက် သာမန် Version မှာတင်ကိုပဲ တော်တော် လေး လန်းတယ် ဆိုတဲ့ လုပ်ဆောင်ချက် လေးတွေ ပါဝင်လာတာဖြစ်ပြီး VW ကိုယ်တိုင်ကလည်း အခု ကား လေးက တော်တော်လေး နာမည် ကျော်လာနိုင်တယ် ဆိုပြီး မျှော်မှန်းထားတာ ဖြစ်ပါတယ်။ တကယ်လည်း ဈေးကွက်ထဲ မရောက်ခင် ကတည်းက လူအတော်များများရဲ့ အကြိုက်ကို ရနေပြီ ဖြစ်တဲ့ အဆိုပါ ID.Buzz လေးကတော့အခု ဆိုရင် ဈေးနှုန်းတွေပါ သိလာရပါပြီ။

Photo Credit: CARBUZZ

ဂျာမနီ ကလာတဲ့ သတင်းတွေ အရတော့ ထိုင်ခုံ ၅ လုံးပါ ID.Buzz Pro လက်ရှိ ပေါက်‌ဈေးတွေအရ $ 59,548 ဝန်းကျင် ကျသင့်နိုင်ပြီး ဈေးကွက်ထဲက အခွန်အခတွေ‌နဲ့ တစ်ခြားလိုအပ်တဲ့ ကုန်ကျစရိတ်တွေ ကိုပါ အကုန် ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ $ 67,948 ဝန်းကျင် လောက်အထိ ကျသင့်လာဖို့ ရှိပါတယ်။ လုပ်ငန်းသုံး ကုန်တင် ဖို့အတွက် ထုတ်ထားမယ့် ID.Buzz Cargo ကားကတော့ ဈေးသက်သာပြီး MSRP ဈေးအရ $ 57,268 လောက် ကျသင့် နိုင်ကာတကယ်တမ်း တစ်ချို့သော အကျိုးခံစားခွင့်တွေ ရလာမယ် ဆိုရင်တော့ $ 48,877 လောက် အထိ ‌ဈေးတန်လာနိုင်ပါတယ်။ ထူးခြားတာတစ်ခုကတော့ တကယ် သင်က အခု ကားလေးတွေ ကို မဝယ်ချင် သေးပေမယ့် ပိုင်‌ဆိုင်ထား ချင်တယ် ဆိုသူတွေအတွက် အငှားဝန်ဆောင်မှု ပါ ပေးထားသေးတာပါ။ အဆိုပါ အငှားဝန်ဆောင်မှုကတော့ Cargo Van ကားလေးအတွက် ဆိုရင် $ 661 လောက် ကျသင့်နိုင်ပြီး Pro Version ဆိုရင်တော့ $ 729 လောက်အထိ ရှိလာ နိုင်ပါတယ်။ အဆိုပါ အငှား နှုန်းတွေ ကတော့ ၃၆ လ တာ စာချုပ်နဲ့ ဖြစ်ပြီး တစ်နှစ်ကို ကီလို ၁၀,၀၀၀ ထပ် မကျော် တဲ့ ကန့်သတ်ချက် နဲ့ အသုံးပြုရမှာလည်း ဖြစ်ပါတယ်။တစ်ခုရှိတာကတော့ ဥရောပရဲ့ ဈေးနှုန်းတွေထဲမှာ မူလတန်ဖိုး ရဲ့ အခွန် ငွေ ၁၈ ကနေ ၂၀ % လောက်အထိကို တိုးကောက်ထားတာကြောင့် အမေရိက ဈေးကွက်ထဲရောက်ရင် တော့ US federal အခွန်နဲ့ ဆိုရင် ဈေးနှုန်းအပြောင်းအလဲ တွေနဲ့ နည်းနည်းတော့ ဒီထက်ပို သက်သာလာဖို့ ရှိနေပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ID.Buzz ကတော့ ယခင် ID.4 နဲ့ Platform အတူတူ ပေါ်မှာပဲ ဖန်တီးထုတ်လုပ်ထားမှာ ဖြစ်ပြီး ဥရောပ ဈေးကွက်ထဲမှာဆိုရင်တော့ 77 kWh အထိရှိတဲ့ Lithium Ion Battery ကို အသုံးပြုထား ပါတယ်။ အဆိုပါ စနစ်တွေ ကြောင့်တော့ ကားရဲ့စွမ်းဆောင်ရည်က 201 hp နဲ့ 229 lb-ft Torque အထိ ရှိထားတာ ဖြစ်ကာ Rear-Wheel Drive စနစ်လည်း ရပါ‌သေးတယ်။ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီ မိုင် ၉၀ အထိပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု မြင်ရတဲ့ကားရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေက နည်း နည်း စိတ်ကသိကအောက် ဖြစ်စရာ ကောင်းနိုင်ပေမယ့် အမေရိက ဈေးကွက်မှာ အသစ် မြင်ရမယ်ဆိုတဲ့ ပိုကြီးပိုကောင်းတဲ့ ကားမှာဆိုရင်တော့ စွမ်းဆောင်ရည်လည်း ပိုကောင်းလာမှာသေချာပါတယ်။ ဒါတင်မက သေးပဲ VW တို့ကလည်း အမျိုးမျိုးသော စွမ်းဆောင်ရည်တွေ ပေးနိုင်မယ့် ဘက်ထရီ Version အမျိုးမျိုး နဲ့ ID.Buzz အသစ်တွေကိုလည်း ၂၀၂၃ ထဲမှာ ကြေညာပေးဦးမယ်လို့ အတည်ပြုထား တာကြောင့် ရင်ခုန်ဖို့ ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com