Van ကားတွေထဲမှာလည်း လျှပ်စစ်စွမ်းအင် ခေတ်ပြောင်းတော်လှန်ရေးကတော့ စတင်နေပါပြီ။ Ford အနေနဲ့ E-Transit ကို လျှပ်စစ် ကားသစ်အဖြစ်နဲ့ စတင်ရောင်းချနိုင်ခဲ့ပြီ ဖြစ်ကာ Volkswagen ရဲ့ ID. Buzz ကားလေးကလည်း လာမယ့် ၂၀၂၄ မှာ ဈေးကွက်ထဲ ရောက်တော့မှာဖြစ်ကာ အခုကတည်းက လူ ကြိုက်များလို့ နေပါပြီ။ ဒါပေမယ့်လည်း Volkswagen တို့ကတော့ လျှပ်စစ်စွမ်းအင်သုံး Van ကား ဆိုတာ ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အကျော်ကတည်းက ဖန်တီးခဲ့ဖူးတယ် ဆိုရင်တော့ ယုံကြည်ဖို့ ခက်ခဲလိမ့်မယ် ထင်ပါတယ်။ တကယ်လည်း VW ကနေ ၁၉၇၂ ခုနှစ်ကတည်းက Prototype T2 Bulli ဆိုတဲ့ ဘက်ထရီ တွေချည်း သုံးထားတဲ့ ကားတစ်စီးကို ဖန်တီးခဲ့ဖူးပြီး အနောက်ဘက်မှာ လျှပ်စစ်မော်တာတောင် ပါသေးတာ ကြောင့် လျှပ်စစ်ကားလို့ ခေါ်လို့ရနေပါတယ်။ အဆိုပါ Van ကားလေးမှာ တော့ 21.6 kWh ဘက်ထရီကို ထည့်ထားပြီး ပေါင်ချိန်ကလည်း ၁,၉၄၀ အထိ ရှိခဲ့ပါတယ်။ ဘက်ထရီ နည်းပညာတွေ တိုးတက်လာတယ် ဆိုတာကတော့ အဆိုပါ ကားလေးမှာ သုံးခဲ့တဲ့ ဘက်ထရီကနေ အခုလက်ရှိ ID.Buzz ရဲ့ 77 kWh Battery ကို ကြည့်ရင် သိနိုင်ပြီးအလေးချိန်ကလည်း 1,100 ပေါင် အထိကို လျော့ကျသွားခဲ့ပါပြီ။ ဒါကြောင့် ဘက်ထရီ ပမာဏ ၃ ဆ တိုးတက်လာခဲ့သလို အလေးချိန်ကတော့ တစ်ဝက်တိတိ လျော့သွား ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါတင်မက သေးပဲ ဘက်ထရီ ရဲ့ Range ကလည်း သိသိသာသာကို တိုးတက်လာပြီ ဖြစ်ပြီး အဆိုပါ T2 Bulli ကားလေး တုန်းက တစ်ကြိမ်အားသွင်းထားရင် ၅၃ မိုင် လောက် အထိပဲ မောင်းနှင်နိုင်ခဲ့ သေးတာပါ။ အခုခေတ်ပေါ် ID.Buzz မှာ တော့ တစ်ကြိမ်အားသွင်းထားရင် မိုင် ၂၆၀ လောက် အထိကို မောင်းနှင်လာ နိုင်ပြီဖြစ်ကာ ဒါတောင်မှ VW ရဲ့ အခြား EV တစ်စီးဖြစ်တဲ့ ID.4 ထက် မိုင် ၂၀ လောက် လျော့နည်းနေပါ သေးတယ်။ အဆိုပါ ကားလေး ဖန်တီး ခဲ့တဲ့ အချိန်တုန်း ကတော့ အားသွင်းပေးမယ့် နေရာတွေလည်း မရှိ သေးတာကြောင့် ဘက်ထရီတွေပဲ ဖြုတ်လဲခဲ့ကြရတာပါ။ ဒါပေမယ့် ဒါကလည်း အခုလိုမျိုး နာရီပေါင်းများစွာ အားသွင်းနေရတာထက်စာရင် ၅ မိနစ် လောက်ပဲကြာတဲ့ ဘက်ထရီ ဖြုတ်လဲ လိုက်တာကလည်း အဆင်ပြေ‌ ပါသေးတယ်။ ဒါပေမယ့် အခု ခေတ်ပေါ် အမြန် အားသွင်းစနစ်တွေကြောင့် အဆင်ပြေလာပြီ ဖြစ်ပြီး ID. Buzz မှာဆိုရင် 170 kW အားသွင်းနှုန်းနဲ့ မိနစ် ၃၀ အတွင်းမှာ ၁၀ ကနေ ၈၀ % အထိကို အားပြန်ဖြည့်ပေး နေနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ T 2 Bulli ကားလေးကို ဖန်တီးခဲ့တုန်းကတော့ သာမန် ခေတ်ဟောင်း ကား လေးတစ်စီး အနေနဲ့ပဲ ဖြစ်ပေမယ့် သူ့ခေတ် သူ့အခါနဲ့တော့ ခေတ်မှီတဲ့ လုပ်ဆောင်ချက်တွေကိုပါ စတင် ထည့်ပေးထားနိုင်ခဲ့ ပါသေးတယ်။ အဆိုပါခေတ် အနေနဲ့ဆို အတော်ခေတ်မှီတယ်လို့ ပြောရမယ့် စွမ်းအင်ချွေတာ နည်းကတော့ ဘရိတ်ကို သုံးပြီး အားပြန်ဖြည့် ပေးနိုင်မယ့် နည်းကိုပါ ထည့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး Regenerative Braking ဆိုတဲ့ ဘရိတ်စနစ်ကို ID.Buzz မှာလည်း ပြန်သုံးထားပြီး ယာဉ်ရဲ့ Range ပမာဏကို ၂၀ % ကနေ ၃၀ % လောက် အထိ ချွေတာ ပေးနိုင်ပါတယ်။ VW ကတော့ တကယ်တမ်းမှာ လျှပ်စစ်ကားတွေနဲ့ ပတ်သက်လာရင် လွန်ခဲ့တဲ့နှစ် ၅၀ လောက် ကတည်းက သင်ခန်းစာတွေ အတွေ့အကြုံ တွေ အများကြီးရနေခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ T 2 Bulli Van လေးကို ဖန်တီးခဲ့တုန်းက ဆိုရင် EV စနစ် သုံး Type 2 Kombi ဆိုတဲ့ နည်းပညာကိုသုံးခဲ့သေးတာပါ။ ဒါ့အပြင် နောက်ပိုင်းမှာ တော့ eClassics လို့ ခေါ်တဲ့ EV Swapped စနစ်ကို တည်ဆောက်သွားဖို့ စဉ်းစားနေတာကြောင့် VW အနေနဲ့လည်း ကြီးကြီး မားမား ရည်မှန်းထားတယ်ဆိုတာ သေချာနေပါတယ်။

Ref: carbuzz.com