ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လောက်တုန်းက Hyundai Motor Group ကနေ Supernal လို့ အမည်ရတဲ့ လုပ်ငန်းအခွဲ တစ်ခု ကို တည်ထောင်ခဲ့ပြီး အဓိက ကတော့ လာမယ့် ၂၀၂၈ အစောပိုင်းလောက် အရောက်မှာ ကာဗွန်ထုတ်လုပ်မှု လုံးဝ မရှိမယ့် လေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ Supernal အနေနဲ့ကတော့ လိုသလို တက်ဆင်း ပျံသန်းနိုင်တဲ့ လျှပ်စစ် ယာဉ်ပျံတွေကို ဖန်တီးနေပြီး အခု ဆိုရင်တော့ အဆိုပါ ယာဉ်တွေရဲ့ အတွင်းခန်းကို စတင် မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ အခု ယာဉ်ပျံတွေရဲ့ အတွင်းခန်း အနေအထားကို လက်ရှိ ယူကေ မှာ ကျင်းပနေတဲ့ 2022 Farnborough International Airshow ပွဲကြီးမှာ ပြသနေတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အတွင်းခန်း မှာတော့ မြင်တွေ့ရသလောက် ကပ္ပတိန် အပါအဝင် ၅ ‌ယောက် စီးနင်းနိုင်ပြီး ဒီဇိုင်း အတော် များများက သဘာဝရဲ့ အရသာတွေကို မှီငြမ်းထားတာ ဖြစ်ကာ လိပ်ပြာတစ်ကောင်ရဲ့ တည်ဆောက်ပုံ အတိုင်းလည်း ဖန်တီးထားတယ်လို့ သိရပါတယ်။ အဆိုပါ ဒီဇိုင်းတွေ ကတော့ ကွန်ပြူတာ မော်ဒယ်တွေထဲမှာ ဆိုရင် Biomimicry လို့ အမည်ရတဲ့ ပုံစံ မျိုးလေးပါပဲ။ ယာဉ်ရဲ့ ကိုယ်ထည်ပိုင်းကိုတော့ Forged Carbon Fiber တွေနဲ့ တည်ဆောက်ထားပြီး စွန့်ပစ်ထားတဲ့ Carbon Fiber Reinforced Plastic တွေကိုမှ ပြန်လည်ဖန်တီး အသုံးပြုထားတာပါ။ အတွင်းခန်း မှာလည်း ပစ္စည်း အဟောင်းတွေကို ပြန်လည်ပြင်ဆင် အသုံး ပြုဖန်တီးထားတဲ့ သတ္တုတွေကိုသာ သုံးပေးထားပြီး ဥပမာ အားဖြင့် အပင်တွေကရတဲ့ လယ်သာသားတွေကို ထိုင်ခုံတွေမှာ သုံးထားတာပါ။ ဒါ့အပြင် Cabin ပိုင်းမှာလည်း သစ်သား ဆီက ရတာကိုသာ စနစ်တကျ သုံးထားပြီး ထိုင်ခုံ ဘောင်တွေကိုလည်း Airframe တွေ ဖြတ်တောက် ရာမှာ ပိုတဲ့ အပိုအစတွေနဲ့ ပြန် လည်ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ Supernal ရဲ့ အခု ယာဉ်ပျံတွေကိုတော့ ဘက်ထရီ တွေပဲ အသုံးပြုပျံသန်းမှာ ဖြစ်တာကြောင့် Flights တွေ မြို့တစ်မြို့ နဲ့ တစ်မြို့လောက်ပဲ ဆက်သွယ် ပျံသန်းပေးမယ့် ခရီးစဉ် အတိုတွေ ဖြစ်လာမှာပါ။

Photo Credit: MotorAuthority

ပိုရှည်တဲ့ ခရီးစဉ်တွေ အတွက်ကိုတော့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ယာဉ်ပျံတွေကို ဖန်တီးဖို့ စီစဉ်ထားပြီး မြို့တွေ အကြားမှာကိုပဲ ခရီးသည်တွေ၊ ပစ္စည်းတွေ ပိုတင်နိုင်တဲ့ ယာဉ်ပျံခပ်ကြီးကြီး တွေကိုလည်း ဖန်တီးဖို့ ပြင်ဆင် နေပြန်ပါတယ်။ နမူနာ စတင် ပျံသန်းမယ့် ခရီးစဉ်ကတော့ အမေရိကန် လော့အိန်ဂျလိပ်စ် နဲ့ Anaheim တို့အကြား ၂၄ မိနစ်ကြာ ခရီးစဉ်ဖြစ်နိုင်ပြီး ကားနဲ့ သွားမယ်ဆိုရင်တော့ မိနစ် ၇၀ လောက် ကြာနိုင်တဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ Supernal အနေ နဲ့ အခု ပွဲကြီးထဲမှာပဲ သူတို့နဲ့ ပူးပေါင်း လုပ်ကိုင်မယ့် ကုမ္ပဏီဟာ Rolls-Royce ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ အဓိက ကတော့ Airbus နဲ့ Boeing တို့လို ခရီးသည် တင်လေယာဉ်ကြီးတွေရဲ့ အင်ဂျင်တွေနဲ့ လက်ရှိ အခြား သော ယာဉ်ပျံတွေအတွက်ပါ လိုအပ်တဲ့ စက်ပိုင်းဆိုင်ရာ တွေကို ထုတ်လုပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါ တယ်။ Rolls-Royce ရဲ့လေကြောင်း နယ်ပယ်ထဲကအစိတ်အပိုင်းတွေ ထုတ်လုပ်တာ ကျွမ်းကျင်မှုအတွေ့အကြုံကို Supernal တို့ ပေါင်းစပ်ကာ လေယာဉ်တွေ အတွက် Fuel Cell စနစ်ကိုပါ ထည့်သုံးဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ အဆိုပါ Fuel Cell စနစ်သုံး လေယာဉ်တွေကိုတော့ လာမယ့် ၂၀၃၀ ဝန်းကျင်လောက်မှာ စတင် ပျံသန်းနိုင်ဖို့ ရည်မှန်းထားပါတယ်။

Ref: MotorAuthority