တောင်ကိုရီးယား နာမည်ကြီး ကားကုမ္ပဏီ Hyundai တို့ကတော့ လက်ရှိ စျေးကွက်ထဲကို Hyundai Tucson  အသစ်ထုတ်လုပ် ပေးအပြီးမှာတော့ ‌နောက်တစ်ဆင့် အနေနဲ့ Santa Fe ဘက်ကို လှည့်လာခဲ့ပါပြီ။ အဆိုပါ Tucson ကားအသစ်ကို ချပြခဲ့စဥ်တုန်းကတော့ ယခင်ထက် အများကြီး ကားအရွယ်ပိုကြီးလာ ခဲ့သ လို ပိုပြီးလည်း ခေတ်မှီတဲ့ ကား အတွင်းအပြင် Kit တွေကိုပါ ထုတ်လုပ်ပေးလာခဲ့တာ တွေ့ ရပါတယ်။ ဒီလို ကားမျိုးကိုမှ ပိုပြီးတော့ ဆွဲဆောင်မှုရှိတဲ့ စျေးနဲ့ပါ ထွက်လာခဲ့တာကြောင့် တစ်ဖက်က Santa Fe Model လည်း စျေးကွက် အတော်များများ မှာ ရောင်းရဖို့ နည်းနည်း ရုန်းကန်လာရတာ အဆန်းတော့ မဟုတ်တော့ ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၂၂ စျေးကွက် ရောင်းအားကို ကြည့်မယ်ဆိုရင်တော့ Santa Fe ရဲ့ အနေအထား ကနှစ်အလိုက် ယှဥ်ကြည့်ရင် ၁၆ % လောက်ကို ကျဆင်းသွား ခဲ့တာဖြစ်ပြီး Tucson ကတော့ တစ်နှစ်ကျော် က ရောင်းခဲ့တဲ့ ကားထက် အခုမော်ဒယ်အသစ်မှာ ၆၄ % လောက် အထိကို တိုးတက်လာခဲ့တာပါ။ ဒါပေမယ့် ဒါက Santa Fe တို့ အတွက် ကံမကောင်းတာလို့ပဲ ဆိုရမှာဖြစ်ပြီး ၂၀၂၁ နှောင်းပိုင်းလောက်မှာတင် အဆင့် မြှင့်တင်မှု တစ်ချို့ကြောင့် ရောင်းအား ကောင်းနေခဲ့သေးတာ ဖြစ်ကာ ပိုကြမ်း ပိုကောင်းတဲ့ XRT Trim တစ်မျိုးကိုတောင် မိတ်ဆက် ပေးခဲ့သေးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကား အဆင့်မြှင့်တင် ပေးခဲ့တာတွေမှာ အမြင်ပိုင်းအရတင်မဟုတ်ပဲ ပိုကောင်းတဲ့ အင်ဂျင်အတွဲအစပ် အသစ် တစ်မျိုး ကိုပါ ရွေးချယ်နိုင်အောင် ထည့်သွင်းပေးခဲ့တာ ဖြစ်ကာ Plug-In Hybrid အမျိုးအစား ကိုပါ ရလာ ခဲ့တာပါ။ ဒါပေမယ့် လည်း အဆိုပါ ပြောင်းလဲပေးခဲ့တဲ့ အင်ဂျင်တွေကို Tucson မှာ တွေ့နေရပြီးသား ဖြစ် သွားတဲ့အပြင် HTRAC ‌All-Wheel Drive System ဆိုရင်လည်း Tucson မှာ ရထားပြီးသားဖြစ်လို့ နေပြန် တာပါ။ အခုဆိုရင်တော့ The Korean Car Blog ကလာတဲ့ သတင်းတွေအရ အဆိုပါ Santa Fe Model Line တစ်ခုလုံးကို Hyundai ဘက်က သေချာ အစအဆုံး ပြန်လည်ဆန်းသစ်ပြီး လုံးဝကို မတူညီတဲ့ အသွင် အပြင် တစ်ရပ်ဖြစ်လာအောင် လုပ်သွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ မျိုးဆက်သစ် ကားမော်ဒယ်ကို တော့ MX 5 လောလော ဆယ်မှာ ကုဒ်နံပါတ် သတ်မှတ်ထားပြီး လက်ရှိမှာ စမ်းသပ်ဆဲ အဆင့်ဖြစ်ပေမယ့် ယခင်သတ်မှတ်ထားတဲ့ အချိန်ထက် ၁၀ လ လောက်တောင် စောပြီး ချပြလာနိုင်မယ်လို့လည်း သတင်းတွေ က ဖော်ပြနေကြပါတယ်။

Photo Credit: CARBUZZ

လက်ရှိ အချိန်ထိတော့ အဆိုပါကားအသစ်ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို သေချာ မသိရသေး ပေမယ့် အတွင်း သတင်းတွေ အရတော့ ကားအရွယ် သေချာပေါက်ကြီးမား  လာလိမ့်မယ်လို့ သိရပါတယ်။ ကိုရီးယား ရဲ့ ပုံမှန် စံနှုန်းတွေ ပေါ်မူတည်ပြီး တွက်ကြည့်မယ်ဆိုရင်တော့ အဆိုပါကား အသစ်မှာ Semi Large အရွယ်ကနေ ပိုကြီးတဲ့ SUV အရွယ်အထိ ရောက်လာနိုင်တာ ဖြစ်ပြီး အသစ်ထွက်လာတော့မယ့် Palisade Model နဲ့ တောင် ထိပ်တိုက်သွား ပြိုင်နေရလောက်ပါတယ်။ အမေရိက စျေးကွက်ထဲမှာ ဆိုရင် တော့ Santa Fe နဲ့ Palisade ၂ စီးလုံးက အရွယ်အစား အလယ်အလတ် လောက်ပဲရှိတဲ့ SUV အနေနဲ့ သတ်မှတ်ထားတာပါ။ အကြောင်းကတော့ အဆိုပါ ကားတွေကို တကယ်တမ်းမှာ Full-Size SUV တွေ အဖြစ် ပြောင်းလဲသွားနိုင်အောင် တည်ဆောက်ပေးနိုင်မယ့် Platform မျိုး Hyundai မှာ မတွေ့ရသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီထက် ပိုအဆင့်မြင့်လာမယ့် မျိုးဆက်သစ်ကို မြင်ရနိင်တယ် ဆိုတာသေချာ ပေမယ့် လည်း Chevrolet Tahoe ဒါမှမဟုတ် Ford Expedition ကားတွေကို ယှဥ်နိုင် လောက်တဲ့ အထိတော့ ဖြစ်မလာ နိုင်သေးဘူးလို့ပဲ လော‌လောဆယ်ခန့်မှန်းရမှာ ဖြစ်ပါတယ်။

Ref: carbuzz.com