အခုနှစ်ထဲ ကျင်းပမယ့် Rebelled Rally ဆိုတဲ့ လမ်းကြမ်းမောင်း ကားပြိုင်ပွဲမှာ Brute Squad ဆိုတဲ့ အဖွဲ့နဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် Hyundai Santa Cruz ကားသစ်ကို ကုမ္ပဏီက တရားဝင် ချပြလိုက်ပြီ ဖြစ်ပါ တယ်။ အဆိုပါ Pickup Truck ကားကိုတော့ ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး အတော်လေးကို ပြင်ဆင်ထားတာ အထူးပြုလုပ်ထားတဲ့ အစိတ် အပိုင်းသစ်တွေအပြင် အမျိုးသမီးတွေ ပါမယ့် အသင်းအတွက် အလန်းစား အနုပညာလက်ရာလေးတွေကိုပါ လိုက်ဖက်အောင် ထည့်ပေးထားတာ တွေ့ရပါတယ်။ ၈ ရက်ကြာ ကျင်းပမယ့် အဆိုပါ ကားပြိုင်ပွဲ မှာတော့ အမျိုးသမီးသီးသန့် ပါဝင်မယ့် အသင်း ၂ သင်းက အမေရိကန် နိုင်ငံ ၊ နီဗားဒါး နဲ့ ကယ်လီ ဖိုးနီးယားတို့မှာ တည်ရှိတဲ့ ကန္တာရတွေကို ဖြတ်ကျော်မောင်းနှင်ရမှာ ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ အဆိုပါပွဲမှာ မည့်သည့် လျှပ်စစ်ဆက်သွယ်ရေး ကိရိယာ၊ GPS စတဲ့ ခေတ်မှီ နည်းပညာ တွေ ပေးမသုံးထားပဲ ‌ရိုးရိုးမြေပုံနဲ့ သံလိုက်အိမ်မြှောင်တို့ကိုပဲသုံးပြီး မိုင်ပေါင်း ၁,၅၅၃ မိုင်ကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။ အခုကားကို အထူးပြန်လည် ပြင်ဆင်ပေးထားရာမှာတော့ Hyundai အင်ဂျင် နီယာတွေထဲ က တစ်ဦးဖြစ်တဲ့ Eric Bruxton ဆိုသူကလည်း ပါဝင်ခဲ့တာပါ။

Photo Credit: AllAutoExperts

အခု ပြင်ဆင်လိုက်တဲ့ ကားသစ်ရဲ့ မြေပြင်က အမြင့်ကတော့ ၈.၆ လက်မအထိ ရှိသွားမှာ ဖြစ်ပြီး ၂၉.၅ လက်မ အရွယ် အထိရှိတဲ့ Falken Wildpeak All-Terrain Trail တာယာတွေကို ၁၇ လက်မ အရွယ် Gear Off-Road ဘီး‌တွေပေါ် တပ်ဆင် ထားပါတယ်။ ဒါ့အပြင် အခု Santa Cruz မှာတော့ ကားရဲ့ အောက်ခြေမှာ ကိုယ်ပိုင် Skid Plate လည်း ပါလာ ဦးမှာပါ။ အခုလို ကိုယ်ပိုင်ပြင်ဆင်ထားမှုတွေ အပြင် Rally Innovation တွေအနေနဲ့ကလည်း ထပ်ပြီး ပိုကောင်းအောင် လမ်းကြမ်းပိုင်း သီးသန့်ပြင်ဆင် ပေးထားတာတွေ ရှိပါသေးတယ်။ အဆိုပါ ပြင်ဆင်ပေးမှုတွေထဲမှာတော့ အရှေ့ဘက် မှာ အပိုတပ်ပေးထားတဲ့ မီးချောင်း Light Bar ကိုမှ Recovery Hook နဲ့ တွဲဖက် ထားပေးထားတာလည်း ပါဝင်ပါတယ်။ ဒ့ါအပြင် ကားရဲ့ အမိုးပေါ်မှာလည်း တာယာ အပိုထပ်တင်လို့ ရအောင် ဖန်တီးပေးထားပြီး အခြားသော လမ်းခရီးမှာ လိုအပ်မယ့် အရာတွေလည်း တင်ဆောင် နိုင်ဦးမှာပဲ ဖြစ်ပါတယ်။ အခုကားကို ဆေးရောင် အထူးသုတ်ကာ ပြင်ဆင် ဒီဇိုင်း ဆွဲပေးထားတာကတော့ Hyundai North America ရဲ့ ဒီဇိုင်နာတွေ ဖြစ်တဲ့ Brad Arnold နဲ့ Matt Marble ဆိုသူတွေ ဖြစ်ကြပါတယ်။ အဆိုပါ ဒီဇိုင်းမှာတော့ ကယ်လီဖိုးနီးယား အမှတ်တရ ဖြစ်အောင် Bandana Design ကိုလည်း သုံးပေးထားပြီး ပြိုင်ပွဲဝင် Brute Squad အဖွဲ့ရဲ့ Logo နဲ့ အဖွဲ့ကို စပွန်ဆာ ပေးထားတဲ့ လုပ်ငန်းတွေရဲ့ နာမည်တွေကို အစီအရီ ကျကျနန ထည့်ပေးထားပါတယ်။ ပြိုင်ပွဲကြီးကတော့ အခုအောက်တိုဘာ ၆ ရက်ကနေ လာမယ့် ၁၄ ရက် နေ့ အထိကို ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts