ရောင်းအားရလဒ်ကောင်းတွေကို ဈေးကွက်အတော်များများမှာရလာနေတဲ့ Hyundai တို့ကတော့အမေရိက ဈေးကွက်မှာလည်း စံချိန်တွေ တင်နိုင်ခဲ့ပြန်ပါတယ်။ အမေရိက ဈေးကွက်ထဲက သူတို့ရဲ့ ကားတွေကလည်း ပြိုင်ဆိုင် နိုင်တဲ့ ကားကောင်းတွေ ဖြစ်နေရုံသာမက ၊ တကယ်လည်း စွမ်းဆောင်ရည်ကောင်းပြီး တန်ဖိုးအရ ပါ ဝယ်ဖို့ ဆွဲဆောင်မှု ရှိနေတာ တွေ့နေရပါတယ်။ ဒါတင်မကသေးပဲ သူတို့ရဲ့ အသစ်ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား Ioniq 5 ဆိုရင်လည်း Range ကောင်းကောင်းနဲ့ ကားကောင်း တစ်စီးအဖြစ် လူကြိုက်များကြ သလို တစ်ဖက်မှာလည်း  N Performance အသားပေး ကားတွေက Brand ရဲ့ ပုံရိပ်ကို မြှင့်တင်ပေးထား နိုင်ပါတယ်။ အခုလို ကားကောင်း တွေ ဖန်တီးနိုင်ခဲ့တဲ့ ရလဒ်က‌လည်း တကယ်ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အခုဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ မြောက် အမေရိက ဈေးကွက်မှာ ‌စံချိန်သစ်တွေအထိ တင်နိုင်ခဲ့ပါ‌ တော့တယ်။ အမေရိက ဈေးကွက်အတွက် ပြီးခဲ့တဲ့ လပိုင်း ကုမ္ပဏီရဲ့ ရောင်းအား ဟာ အစီးရေ ၅၂,၄၂၄ စီး အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ကာလတူနဲ့ နှိုင်းယှဉ်ရင် ၈ % အထိ ကို တိုးတက် လာခဲ့တာပါ။ ကြားထဲမှာ ကားကုမ္ပဏီတိုင်းလိုလို ကြုံနေရတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့ ရပေမယ့် အစီးရေ ၁၂,၉၂၈ စီးအထိ ရောင်းချခဲ့ရတဲ့ Tucson ကား ၊ ၇,၄၀၈ စီး ရောင်းချရတဲ့ Palisade အမျိုးအစား ၊ ၂,၁၇၆ စီး အထိ ရှိခဲ့တဲ့ Venue ကားတွေရဲ့ ရောင်းအားတွေက အကောင်းဘက် ရောက်အောင် ဦးတည် ပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကား မော်ဒယ် ၃ မျိုးမှာတင် ရောင်းအားတွေက ၃၇ % ၊ ၁၇ % နဲ့ ၁၆ % တို့ အသီးသီး တိုးတက်လာခဲ့တာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

Hyundai မြောက်အမေရိကရဲ့ Senior Vice President ဖြစ်သူ Randy Parker ကတော့ Tucson နဲ့ Ioniq 5 ကားတို့ နဲ့ ပတ်သက်ပြီး ဈေးကွက် တန်းဝင်အောင် ကောင်းကောင်း ကြိုးစားနိုင်ခဲ့တာက ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်စေခဲ့ပြီး ဝယ်ယူသူတွေကလည်း အခုလိုမျိုး ထိပ်တန်း SUV ကားတွေကိုပဲ ရွေးချယ်ချင်ကြတာ ကြောင့် ပိုကောင်းတဲ့ ရောင်းအားဝေစုတွေကို ရလာခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တကယ်လည်း Randy ပြောခဲ့ သလို အဆိုပါ SUV တွေရဲ့ ရောင်းအားကပဲ အခု ရောင်းအား စံချိန်တင်မှုတွေကို ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ SUV ရဲ့ ရောင်းအားက သိသာတဲ့ ၃၂ % အထိ တိုးတက်လာ ခဲ့ပြီး ကုမ္ပဏီ တစ်ခုလုံး ရောင်းအားရဲ့ ၇၇ % အထိကို ရှိခဲ့တာပါ။ ဒါ့အပြင် တစ်ဖက်က လျှပ်စစ်ကား ရောင်းအားက ပိုပြီး တော့ကို အံ့အားသင့်စရာ ကောင်းလွန်းခဲ့ပြီး ရောင်းအားက ၂၇၈ % ဆိုတဲ့အထိ မယုံနိုင် လောက်အောင် မြင့်တက်ခဲ့တာပါ။ အကြောင်းကတော့ ဒီဇိုင်းကောင်းကောင်း ၊ စွမ်းဆောင်ရည်မြင့်မြင့် အဆိုပါ လျှပ်စစ်ကား Ioniq 5 ရဲ့ လက်လှမ်းမှီနိုင်တဲ့ $ 43,650 တန် MSRP ဈေးနှုန်း ကြောင့်လည်း ဖြစ်နိုင် ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ လက်ခံရတော့မယ့် ဝမ်းနည်းစရာ အမှန်တရား တစ်ခုလည်း ရှိလို့ နေပါ တယ်။ အဲ့ဒါ ကတော့ ဆက်တိုက် ကျဆင်းလာနေတဲ့ Sedan ကားတွေရဲ့ ရောင်းအားပါပဲ။ သူတို့ရဲ့ နာမည်ရ ထားပြီးသား Sonata ကား ဆိုရင် အစီးရေ ၃,၀၃၇ စီးသာ ရောင်းချခဲ့ရတာကြောင့် မနှစ်ကကာလတူ ရောင်း အား အစီးရေ ၆,၂၀၂ စီးပမာဏ နဲ့ယှဉ်ရင် ၅၁ % အထိကို သိသိသာသာ ထိုးဆင်းသွားတာပါ။  အခုလို ရောင်းအားကျဆင်းမှုကို Accent မော်ဒယ်လည်း ကြုံတွေ့ ခဲ့ရပြီး အဆိုပါ လ အတွင်း ၇၄၄ စီး ပဲ ရောင်းချ ခဲ့ရပါတယ်။ ရောင်းအားကျတဲ့ အထဲမှာမှ အထိအနာဆုံး မော်ဒယ် တွေကတော့ Veloster နဲ့ Nexo တို့ ဖြစ် ကြပြီး Nexo ဆိုရင် ၂၅ စီးပဲ ရောင်းချ ရတော့တာပါ။ အကြောင်း ကတော့ Nexo က မြောက်အမေရိက ဈေးကွက်အတွက် ဆိုရင် လိုတာထက် ဈေးပိုများနေသလို ကန့်သတ်ချက် တွေလည်း ရှိနေတာကြောင့် ဖြစ် နိုင်ပြီး တစ်ဖက်မှာ ဆိုရင်လည်း Veloster က အစီးရေ ၁၇၁ စီးပဲ ရောင်း ခဲ့ ရပြန်တာ ဖြစ်ပါတယ်။ ဘယ်လို ပဲ ဒီကားတစ်ချို့ ရဲ့ ရောင်းအားကကျဆင်းပြီး Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာ ဆက်ရှိနေ ပါစေ ၊ ကုမ္ပဏီတစ်ခုလုံးရဲ့ ‌ကားရောင်းအားကတော့ ဆက်တိုက် တိုးတက်နေဆဲမို့ အပေါင်း လက္ခဏာ ဆောင်နေဆဲပါ။ ဒါ့အပြင် Chip ပြား ပြတ်လပ်မှုပြဿနာကိုဖြေရှင်းရာမှာလည်း အခြားသောကုမ္ပဏီ တွေနဲ့ မတူတဲ့ နည်းပညာ တစ်ရပ်ကို စဉ်းစားနေပြီး အဲ့ဒါကတော့ ကားတွေအတွက် Chip ပြားကို စောင့်ဆိုင်း နေ မယ့် အိမ်သုံး လျှပ်စစ် ပစ္စည်းတွေမှာ သုံးလာနေတဲ့ Chip ပြားတွေကို အစားထိုး သုံးနိုင်ဖို့ပဲဖြစ်ပြီး လက်တွေ့ မှာ အဆင်ပြေမပြေ ဆိုတာတော့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com