ဟိုက်ဒရိုဂျင် ယိုစိမ့်မှုကနေ မီးလောင်မှုပါ ဖြစ်ပွားနိုင်တာကြောင့် ၂၀၁၉ မော်ဒယ် Nexo Fuel-Cell ကား အစီးရေ ၅၄ စီးကို Hyundai တို့ ပြန်လည် သိမ်းဆည်းနေရပြီ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကတော့ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာ လ ၁၇ ရက်နေ့အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေပါပဲ။ NHTSA ရဲ့ အချက်အလက်တွေ အရတော့ အခုပြဿနာက ဟိုက်ဒရိုဂျင် ပြန်ဖြည့်ပြီးတာနဲ့ စွမ်းအင်သိမ်း ဆည်းတဲ့ Filter လေးပြုတ်သွားနိုင်တာကြောင့်မို့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Refueling Inlet က သေချာ မပိတ်ပဲ ဟိုက်ဒရိုဂျင်တွေ ယိုစိမ့် ရာကနေ မီးပါ ထလောင်တတ်တဲ့ အထိ အန္တရာယ် ရှိနေတာပါ။

Photo Credit: motor 1.com

အခု ပြဿနာရဲ့အဓိက အကြောင်းအရင်းကိုတော့ အဆိုပါ Filter ‌ကို ထောက်ပံ့ပေးထားတဲ့ ကုမ္ပဏီဘက်က မူလ Leaser-Welded Filter ကို သုံးရမယ့်အစား Prototype အဆင့် Epoxy-Bonded Filter ကို သုံးထား မိတာကြောင့် ဖြစ်တယ်လို့ Hyundai ဘက်က ဖြေရှင်းထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့တုန်းက တောင်ကိုရီးယားမှာ အဆိုပါ 2019 Nexo ကား တစ်စီး ဟိုက်ဒရိုဂျင်ဖြည့်ပြီးပြီးချင်း မီးထလောင်ခဲ့ပြီး စုံစမ်း စစ်ဆေးမှုတွေ အရတော့ စွမ်းအင်ဖြည့်ပေးတဲ့ နေရာက အဖုံးလေး ပြန်ဟနေပြီး မီးထလောင် ခဲ့တာကို တွေ့ ခဲ့ရပါတယ်။ အဆိုပါ ကား ပိုင်ရှင် ကတော့ ပုံမှန် မဟုတ်တဲ့ အသံကို ကြားခဲ့ရပြီး Fuel ထည့်တဲ့ နေရာကို ဖွင့်ကြည့်ခဲ့ ပါသေးတယ်။ ဒါပေမယ့် အဲ့လိုဖွင့်ကြည့် ခဲ့ရာကနေ ပိုင်ရှင်ရဲ့ လက်နဲ့ထိပြီး တည်ငြိမ်လျှပ်စစ် ဖြစ် ပေါ်ကာ ဟိုက်ဒရိုဂျင် ယိုစိမ့်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ နောက်မှာတော့ မီးပါ ထလောင်ခဲ့တဲ့အထိ ဖြစ်ခဲ့ပြီး ဟိုက်ဒရိုဂျင် ဖြည့်ပေးတဲ့ဆိုင်က မီးသတ် ဆေးဗူးတွေနဲ့ အလျင်အမြန် မီးငြိမ်းသတ်ပေးခဲ့လို့ ပြန်ငြိမ်းခဲ့တာ ပါ။ စုံစမ်း‌စစ်ဆေးမှုတွေ အရတော့ အဆိုပါကားမှာ သုံးထားရမယ့် Laser-Welded Filter ကို သေချာအသုံး မပြုထားတာ တွေ့ရပြီး ဒီလို မီးလောင်တာကတော့ Nexo ကားတွေထဲ ပထမဆုံးလည်း ဖြစ်ခဲ့ရပါတယ်။

Photo Credit: motor 1.com

အမေရိက ဈေးကွက်ထဲမှာဆိုရင်တော့ ဟိုက်ဒရိုဂျင်ကို ကောင်းကောင်းမွန်မွန် ဖြည့်တင်းပေးနိုင်တဲ့ ကယ်လီ ဖိုးနီးယားပြည်နယ် ဈေးကွက် တစ်ခုတည်းမှာပဲ အခု Nexo ကားတွေကို ရောင်းချထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာတော့ ကား အစီးရေ ပေါင်း ၄၃၀ အထိ ရောင်းချခဲ့ ရပြီး ၂၀၂၀ တုန်းက ၂၀၈ စီးပဲ ရောင်းချ ခဲ့ရတာနဲ့ ယှဉ်ရင်တော့ ရောင်းအားက ၁၀၇ % အထိကို တိုးတက် လာခဲ့တာပါ။ ၂၀၂၂ ရဲ့ ပထမ ၃ လပတ် ကာလ ရောင်းအား မှာ ဆိုရင်လည်း ၁၆၆ စီး အထိ ကို ရောင်းချထားရပြီ ဖြစ်ပြီး ၂၀၂၁ ရဲ့ ကာလတူ တုန်း က အစီးရေ ၇၈ စီး နဲ့ယှဉ်ရင် ၁၁၆ % အထိ တိုးတက်ထားပြန်တာလည်း တွေ့ရပါတယ်။ ဒ့ါအပြင် ၂၀၂၁ တုန်းကလည်း Nexo ကားကို အတိုးနှုန်း ဆွဲဆောင်မှု ရှိရှိနဲ့ ရောင်းပေးခဲ့ သေးပြီး အဆိုပါ ကားရဲ့ Range အမြင့်ဆုံး Trim ကို $ 20,000 လောက်သွင်းပြီး ၇၂ လတာ အတိုးမဲ့ ပုံစံမျိုးနဲ့လည်း ရောင်းချ ပေးထား တာပါ။ ဒါကြောင့် အခွန်အခတွေပါ ထည့်တွက် ထားဦးမယ်ဆိုရင် တောင် ကားသစ်တန်ဖိုးက $ 29,885 အထိပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com