အမေရိကန် နိုင်ငံ ၊ လော့အိန်ဂျလိပ်စ် မှာ ကျင်းပနေတဲ့ ကားပြပွဲကြီးထဲမှာတော့ ခေတ်သစ် ခေတ်ဟောင်း ဒီဇိုင်းပုံစံ အဆန်းတွေနဲ့ ပုံဖော်ထားတဲ့ Hyundai ရဲ့ N Vision 74 ဆိုတဲ့ Concept ကားတစ်စီး ရောက်ရှိ လာပါတယ်။ အဆိုပါ Concept ကားအတွက်ကို ယခင်ပြသထားဖူးတဲ့ Hyundai Pony Coupe Concept ကို ပြန်လည် မှီငြမ်း ဖန်တီးထားတယ်လို့ သိရပြီး ကားသစ်ကိုတော့ အနာဂတ် လျှပ်စစ်စွမ်းအင် ပုံစံသစ် အတွက် ကား အမျိုးအစားဖြစ်တယ်လို့ သိထားရပါတယ်။

Photo Credit: AllAutoExperts

တကယ်တော့ အခု Hyundai N Vision 74 ကားက အရှေ့ဘက်မှာ ဟိုက်ဒရိုဂျင် စွမ်းအင်နဲ့ 62.4 kWh ဘက်ထရီ ကိုစွမ်းအင်ဖြည့်သွင်းပေးမယ့် Fuel Cell လျှပ်စစ် ကားတစ်စီးပဲ ဖြစ်ပါတယ်။ Battery Pack ကိုကားရဲ့ အောက်မှာပဲ ထည့်ပေးထားပြီး မောင်းရတာ ပိုငြိမ်အောင် ဖန်တီးထားတာပါ။ ကားရဲ့ အနောက်ဘက်မှာ ဆိုရင်တော့ လျှပ်စစ်မော်တာ ၂ လုံးတွဲ ပါဝင်မှာဖြစ်ပြီး စွမ်းဆောင်ရည် ပိုင်းကတော့ 670 hp နဲ့ 664 lb-ft Torque လောက်အထိ ကို ရှိနိုင်မယ်လို့ သိရပါတယ်။ ကားရဲ့ ဘက်ထရီတွေ အတွက်ကို ဟိုက်ဒရိုဂျင်ကန်ဆီက ဒါမှမဟုတ် သာမန်လျှပ်စစ် အားသွင်းနိုင်မယ့် Charging Outlet တွေ ဆီကနေပဲ သွင်းနိုင်မှာ လည်း ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ဟိုက်ဒရိုဂျင် ကန်ထဲကို စွမ်းအင်ပြန်လည် ဖြည့်တင်းဖို့ ဆိုရင်တော့ ၅ မိနစ် အတွင်းကို ပြန်လည်ပြည့်မှာဖြစ်ပြီး 85 kW အထိရှိတဲ့ မီးစက်ကြီးတစ်လုံး အနေနဲ့ ကားအတွင်း အလုပ်လုပ် နေမှာလည်းဖြစ်ပါတယ်။ Hyundai ကတော့ ကားမှာ အခုလို သုံးထားမယ့် ဟိုက်ဒရိုဂျင်နဲ့ လျှပ်စစ်ပေါင်းစပ် ပုံစံတို့အတွက် အပူလွန်ကဲတာမျိုး မဖြစ်ရအောင် ခေတ်မှီဆန်းသစ်တဲ့ နည်းပညာသစ် တွေပါ သုံးထားဖို့ များပါတယ်။ ဥပမာ အနေနဲ့ အခုကားထဲမှာ ဘက်ထရီ အတွက် Cooling Channels  တစ်ခုကို သပ်သပ်ခွဲထည့်ပေးထားပြီး Fuel Cell နဲ့ လျှပ်စစ်မော်တာ အတွက် ကိုလည်း တစ်ခုစီ သပ်သပ် ထပ်ထည့်ပေးထားတာပါ။ အဓိကအားဖြင့် တော့ အခုလိုမျိုး သိသာပြီး အကျိုး သက်ရောက်မှု သင့်တော်မယ့် အပူချိန်လောက်နဲ့ စွမ်းအင်လည်ပတ်မှု ပုံစံကို ကောင်းကောင်း ထိန်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts