လျှပ်စစ် စွမ်းအင် ပေါင်းစပ်ထုတ်လုပ်လာတဲ့ခေတ် တစ်ခုအစက မူလ Hyundai Ioniq ကားတွေကတော့ လာမယ့် ၂၀၂၂ နှောင်းပိုင်းမှာပဲ ဆက်လက် မြင်ရဖို့ မရှိတော့တာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကို ထုတ် လုပ်ပေးနေတဲ့ Ulsan က ကုမ္ပဏီ ရဲ့ စက်ရုံကလည်း မူလHyundai Ioniq ရဲ့ အမျိုးအစား ၃ မျိုးလုံးကို ဆက်လက် ထုတ်လုပ်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကလည်း Brand အသစ် ဖြစ်လာတဲ့ Ioniq ကားတွေနဲ့ မရောနိုင်အောင် စီစဉ်လိုက်တာပါပဲ။ အဆိုပါ မူလ Ioniq ကားတွေရဲ့ ထုတ်လုပ်ရေး အပိုင်းတွေကို လာမယ့် ရက်သတ္တပတ် အနည်းငယ်မှာပဲနောက်ဆုံးအနေနဲ့ ထုတ်ပေးတော့မှာ ဖြစ်ပေမယ့် မြောက်အမေရိက ဈေး ကွက် အပါအဝင် ကမ္ဘာ့နေရာ အတော်များများမှာတော့ အခုကားကို အကြို မှာယူတာမျိုးတွေ ထပ်လုပ်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ မူလ Ioniq ရဲ့ သာမန် Hybrid ၊ Plug-In Hybrid နဲ့ All Electric ကားတွေကို ရုတ်တရတ် ရပ်တန့်လိုက်ရတာ မျိုးကတော့ Hyundai အဖို့ ကောက်ခါငင်ကာ ထလုပ်လိုက်ရတာမျိုးမဟုတ်ပဲ နဂိုကတည်းက အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အခု ကား ကလည်း အောင်မြင်ခဲ့တာပဲ ဖြစ်ပြီး ဥရောပဈေးကွက် တစ်မျိုးတည်းမှာတင် အစီးရေ ၁၃၅,၆၉၂ စီး အထိ ရောင်းချ ခဲ့ရတာ ဖြစ်ပြီးရည်မှန်းထားတာတွေနဲ့လည်း အတော်လေး အံကိုက်ဖြစ်ခဲ့ပါတယ်။

Photo Credit: motor 1.com

၂၀၁၆ ခုနှစ် ကတည်းက တရားဝင် စတင် ပွဲထွက်လာခဲ့တဲ့ အဆိုပါ ကားတွေဆိုရင် လျှပ်စစ် စွမ်းအင်သုံး စက်ပိုင်း ဆိုင်ရာ ၃ မျိုး လောက်နဲ့ မျိုးကွဲတွေ အများအပြား ချပြနိုင်ခဲ့တဲ့ ကမ္ဘာပေါ်က ပထမဆုံး ကားတစ်စီး လည်း ဖြစ်ခဲ့ ပါတယ်။ ကုမ္ပဏီ အတွက်လည်း တကယ်ကို ရှေ့ဆောင်လမ်းပြ ကားကောင်းတစ်စီး ဖြစ်ခဲ့ပြီး Ioniq Brand နဲ့ လျှပ်စစ်ကား ကောင်းတွေ အနာဂါတ်မှာ ကောင်းကောင်း ထုတ်လုပ်နိုင်စေဖို့ အတွက်ကိုပါ ကောင်းကောင်း လမ်းခင်း ပေးနိုင်ခဲ့တဲ့ ကားတွေလို့ ဆိုနိုင်ပါတယ်။ Ioniq အနေနဲ့ လျှပ်စစ် ကားကဏ္ဍ မှာ တင် မဟုတ်ပဲ မောင်းသူမဲ့ နည်းပညာ ပိုင်းတွေမှာပါ ဦးဆောင် နိုင်ခဲ့တဲ့ ကားတစ်စီး ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဂျနီဗာ ကားပြပွဲကြီးမှာ မောင်းသူမဲ့ Prototype ကား တစ်စီးကို Ioniq အနေနဲ့ ပြသခြင်း ခံခဲ့ရတာပါ။

Photo Credit: motor 1.com

အခု မူလ Hyundai Ioniq ကားတွေရဲ့ အောင်မြင်မှုကတော့ Ioniq 5 နဲ့ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပြီး စွမ်းအင် ချွေတာနှုန်း ကောင်းကောင်းနဲ့ အတူ နည်းပညာပိုင်း အတော်လေး ခေတ်မှီတဲ့ ကားကောင်း တစ်စီး အဖြစ် ကမ္ဘာ တစ်ဝန်း ခြေဆန့် နိုင်ခဲ့တာပါ။ Ioniq ရဲ့ နောက်ထပ်ခြေလှမ်းတွေ ထဲမှာတော့ လျှပ်စစ် Sedan ကားကောင်း တစ်စီး ဖြစ်တဲ့ Ioniq 6 နဲ့ စတင်လာမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ထိုင်ခုံ ၃ တန်းပါ Ioniq 7 EV SUV အနေနဲ့ ဆက်ပြီး ထွက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ရောင်းကောင်းရုံ တင်မကပဲ အသိအမှတ်ပြု ဆုပေါင်းများစွာပါ ရယူပေးနိုင်ခဲ့တဲ့ Hyundai Ioniq ရဲ့ ဂုဏ်ပုဒ်တွေကိုတော့ Ioniq 5 ကလည်း ဆက်ထိန်းနိုင်ခဲ့ပြီး အခုနှစ်ထဲမှာ ပဲ ၂၀၂၂ ရဲ့ World Car of the Year ဆုကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထွက်လာဦးမယ့် Ioniq တွေရဲ့ အစဉ်အလာ ကောင်းတွေကိုလည်း ရင်ခုန်စွာ စောင့်ကြည့် ရတော့မှာပါ။

Ref: motor 1.com