အခု တစ်ပတ် အစောပိုင်း တုန်းကပဲ တရားဝင် ကြေညာခဲ့တဲ့ Hyundai ရဲ့ အချက် အလက် တွေ အရတော့ သူတို့ရဲ့ ကားအသစ် Ioniq 6 ဟာ တောင်ကိုရီးယား ကားဈေးကွက်အတွင်း စတင် ရောင်းချတဲ့ ပထမရက် မှာတင် အစီးရေ ၃၇,၀၀၀ ကျော် အထိ ကြိုတင် မှာယူလာခဲ့ကြတယ် လို့ သိရပါတယ်။ ဒီ ပမာဏဟာ ယခင် ဖေဖော်ဝါရီလ ၂၀၂၁ တုန်းက Hyundai Ioniq 5 ရဲ့ တစ်ရက် အတွင်း အမှာစာ ၂၃,၇၆၀ ထက်ပိုများပြီး Brand အတွက် စံချိန်တင်သွားတာလည်း ဖြစ်ပါတယ်။ ယခင် တုန်းကလည်း ပြည်တွင်း ပြိုင်ဘက် Kia EV6 ကလည်း ပထမဆုံးရောင်းချရတဲ့ ရက်မှာတင် အစီးရေ ၂၁,၀၀၀ ကျော် အမှာစာနဲ့ စံချိန်တင်ခဲ့ ဖူးပါသေး တယ်။ ဒီလို စံချိန်တွေထဲမှာမှ အတော်များတဲ့ ပမာဏကို ပိုင်ဆိုင်နိုင်ခဲ့တာကြောင့် Hyundai Ioniq 6 တို့ အဖို့ကတော့ ဝယ်လိုအား အတော်လေးများနေပြီဆိုတာ သိသာစေပါတယ်။

Photo Credit: InsideEvs

သေချာတာ တစ်ချက်ကတော့ အခုဈေးကွက်လိုပဲ အခြား‌သော ဥရောပနဲ့ အမေရိက ကားဈေးကွက်တွေမှာ စတင်မှာယူလို့ရပြီဆိုတာနဲ့ ရောင်းအားတွေ ထိုးတက်ဦးမှာသေချာပါတယ်။ အခု လက်ရှိမှာယူထားသူတွေ ကတော့ လာမယ့် ၂၀၂၃ ခုနှစ် အကုန် လောက်မှာ ကားအသစ်တွေ ရလာနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ Hyundai Ioniq 6 ကားသစ်ကို ပြီးခဲ့တဲ့ ဇူလိုင် လတုန်းကမှ ဘူဆန် ကားပြပွဲကြီးမှာ ချပြ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး E-GMP Platform သုံးထားတဲ့ Sedan အနေနဲ့ ဘက်ထရီ Version ၂ မျိုး နဲ့ ရလာပါတယ်။ 53 kWh နဲ့ 77.4 kWh ပမာဏ ရှိမယ့် အဆိုပါ ဘက်ထရီ ၂ မျိုးကြောင့် ကားရဲ့ Range ကလည်း တော်တော်လေး ကောင်းမွန်လာနိုင်ပြီး WLTP Cycle အရဆိုရင် တစ်ခါအားသွင်းတာနဲ့ ၃၇၉ မိုင် လောက် မောင်းလာနိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ် မော်တာ ၁ လုံးတပ် ၊ Rear-Wheel Drive နဲ့ လျှပ်စစ်မော်တာ ၂ လုံးတပ် All-Wheel Drive တို့ ဆိုပြီးလည်း ရွေးချယ် နိုင်ပါသေးတယ်။ ကားတွေရဲ့ အမြင့်ဆုံး မြန်နှုန်း ကတော့ ၅.၁ စက္ကန့် အတွင်းမှာတင် တစ်နာရီ ကီလို ၁၀၀ အထိ ရောက်အောင် အရှိန် တင်နိုင်မှာပါ။

Photo Credit: InsideEvs

အခြားသော E-GMP Platform နဲ့ ကားတွေလိုပဲ အခုကားရဲ့ အားသွင်းနှုန်းကလည်း မြန်ဆန်မှုရှိမှာ ဖြစ်ကာ ၁၀% ကနေ ၈၀% အထိ အားဝင်ဖို့ဆိုရင် ၁၈ မိနစ်ပဲ အချိန်ယူရမှာပါ။ ဒါ့အပြင် Vehicle-To-Load (V2L) ဆိုတဲ့ စနစ်ကြောင့်လည်း ကားရဲ့ ပါဝါ အထွက်ကနေ အခြားသော လျှပ်စစ်ပစ္စည်း တွေကိုတောင် အားပြန်ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိ ရောင်းနေတဲ့ ဈေးတွေအရ ဆိုရင်တော့ Long Range Version ကိုပဲ $ 39,000 ပမာဏ နဲ့ ရနိုင်မှာပါ။ တောင်ကိုရီးယား ဈေးကွက်မှာကိုပဲ တရားဝင် Showroom တွေဆီ စတင်ရောင်းချမှာကိုတော့ လာမယ့် စက်တင်ဘာလမှာ စတင်လာနိုင်ပြီး အမေရိက ဈေးကွက် ထဲကိုတော့ လာမယ့် ၂၀၂၃ နှစ်လယ်ပိုင်း လောက်မှာ စတင်ဝင်ရောက်လာ နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: InsideEvs