Hyundai တို့ ကတော့ မူလ Ioniq ကားကို ရပ်တန့် ပြီးကတည်းက လျှပ်စစ်ကားသစ်တွေ ဘက်ကို အပြည့်အဝ အာရုံစိုက်နေခဲ့ပြီး Ioniq 5 နဲ့ Ioniq 6 လျှပ်စစ် ကားသစ်တွေ ဆိုရင် ဈေးကွက်ထဲမှာ တော်တော်လေးကို ထူးထူးခြားခြားနဲ့ ဝင်ရောက်လာနိုင်ခဲ့တဲ့ ကားသစ် ကားကောင်း တွေဖြစ်လာခဲ့ပါတယ်။ Ioniq 6 ဆိုရင်ပိုကောင်း ပိုသစ်တဲ့ ကားတစ်စီး ဖြစ်လာနိုင်ပြီး အခု ဆိုရင်တော့ အဆိုပါ ကားကိုမှ နဂိုကတည်းက သိထားရတဲ့ Sedan ထက် ပိုပြီး လက်တွေ့ကျမယ့် Wagon တစ်စီးအနေနဲ့ ပုံကြမ်း‌ ဖန်တီးလာတာကို တွေ့ရပါတယ်။ ပုံကြမ်း ရလဒ်ကတော့ လျှပ်စစ်စွမ်းအင်သုံး Shooting Brake Design ဒါမှမဟုတ် Electric Wagon အနေနဲ့ ထွက်လာတာဖြစ်ပြီး အရှေ့ဘက်က ကြည့်ရင် ယခင် သိထားတဲ့ Ioniq 6 အတိုင်း အပြောင်းမလဲ မရှိပေမယ့် အနောက်ဘက်ကတော့ သိသိ သာသာ ပြောင်းလဲသွားခဲ့ ပါတယ်။ ဒါ့အပြင် ပြောင်းလဲထားတဲ့ အမိုးရဲ့ လျှောဒီဇိုင်း ၊ မတူညီတဲ့ Boot Lid ပုံစံတွေနဲ့ Roof Spoiler အသစ်တွေ လည်း ပါဝင် လာခဲ့တာ တွေ့ရပြီး အမှန်ပြောရရင်တော့ အခုမြင်ရတဲ့ Wagon Version လေးက အတော်လေးကို ကြည့်ကောင်း နေပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် သတင်းကောင်း တစ်ရပ်ကတော့ အခု ပုံကြမ်းထွက်လာခဲ့တဲ့ Ioniq 6 Shooting Brake ကို အမှန်တကယ် ထွက်လာနိုင်မလား ဆိုတာကို လုံးဝငြင်း မထားတဲ့ အခြေအနေတွေကြောင့် မျှော်လင့်နိုင်သေးတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူး တစ်ခုမှာဆိုရင် Hyundai ရဲ့ အဓိက ဒီဇိုင်နာဖြစ်သူ SangYup Lee က သူ့အနေနဲ့ Ioniq 6 အသစ်ကို Shooting Brake ကား တစ်စီးအဖြစ် အသွင်ပြောင်းဖို့ ဆန္ဒရှိနေတယ် လို့လည်း တရားဝင်ပြောခဲ့ ဖူးတာပါ။ ဒါက ထုတ်လုပ်ဖြစ်မယ် ဆို‌တဲ့ အတည်ပြုချက်တော့ မဟုတ်သေးပေမယ့်လည်း လုံးဝတော့ မျှော်လင့်ချက် မရှိတဲ့ အခြေအနေ မဟုတ်တာ ဖြစ်ပါတယ်။ အခုလ အစောပိုင်းတုန်းကလည်း အဆိုပါ Ioniq 6 ပိုပြီးတော့ အမိုး လျှောစောက်ဖြစ်တဲ့ Station Wagon ပုံစံနဲ့ ပုံကြမ်းတစ်ခု ထွက်ပေါ်လာ ခဲ့သေးပြီး အခုပုံကြမ်းနဲ့ ဆိုရင် ၂မျိုး လုံး ကတော့ တကယ် သဘောကျချင်စရာပါ။ ဒီလို ကားမျိုးကိုသာ တကယ်လုပ်နိုင်ခဲ့ရင် လျှပ်စစ်စွမ်းအင် သီးသန့်သုံး Wagon အမျိုးအစားကို ပိုလို အပ်နေတဲ့ ဥရောပဈေးကွက် အတွက်လည်း ပိုအဆင်ပြေလာ နိုင်ပါတယ်။ လက်ရှိမှာတော့ ဥရောပရဲ့ လျှပ်စစ်သီးသန့် Wagon ကား ဈေးကွက်ထဲကို ကြည့်မယ် ဆိုရင် MG 5 နဲ့ စွမ်းဆောင်ရည် ပိုကောင်း ပိုလည်း ဈေးကြီးတဲ့ Porsche Taycan Cross / Sport Turismo တို့ လောက်ပဲ ကောင်းကောင်း ရွေးစရာ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ သတင်းတွေအရတော့ Ioniq 6 ကားသစ်ကို ဈေးကွက်ထဲ ရောင်းချလာတဲ့ အခါမှာ  53 kWh ကနေ 77.4 kWh အထိ အကြားမှာ ရှိမယ့် ဘက်ထရီတွေ ထည့်ရောင်း ပေးလာမယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းတွေအနေနဲ့ ကတော့ မူလ Rear-Wheel Drive နဲ့ နောက်ထပ် ထပ်ရွေးလို့ရဦးမယ့် လျှပ်စစ်မော် တာ ၂ လုံးတပ် Version တွေ ဆိုပြီး အမျိုးအစား ခွဲကာ ကွဲပြားလာနိုင်ပါတယ်။ Rear-Wheel Drive မော်ဒယ် ရဲ့ စွမ်းဆောင်ရည်တွေကိုအသေးစိတ် မသိရ သေးပေမယ့်လည်း ပိုကောင်းတဲ့ မော်တာ ၂ လုံးတပ် ကားသစ်ကတော့ 320 hp နဲ့ 446 lb-ft Torque အထိကို ရှိလာ နိုင်ပြီး All-Whell Drive Ioniq 5 လိုပဲ ဆက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Ref: motor 1.com