Hyundai Ioniq 6 First Edition ဆိုတဲ့ နာမည်နဲ့သီးသန့် Limited Model အဖြစ် ဥရောပ ဈေးကွက်ထဲ ရောင်းချ ခဲ့တဲ့ ကားသစ်ကတော့ အခုဆိုရင် နိုဝင်ဘာ ၉ ရက်က ၂၄ နာရီ မပြည့်ခင်မှာလည်း အကုန်ရောင်း ထွက်သွားခဲ့ပြီလို့ သိရပါတယ်။ ယူကေ ၊ ပြင်သစ် ၊ နော်ဝေး နဲ့ နယ်သာလန်တို့မှာ အစီးရေ ၁,၀၀၀ နဲ့ ဂျာမနီမှာ အစီးရေ ၂,၅၀၀ အထိ သတ်မှတ်ထားတာဖြစ်ပြီး ယူကေ ဈေးကွက်မှာတော့ ၅၄,၉၉၅ ပေါင်နဲ့ ဂျာမနီ မှာတော့ ၆၆,၄၀၀ ယူရို ခန့်ကျသင့်တာပဲ ဖြစ်ပါတယ်။ လက်ရှိ ငွေဈေးနှုန်းတွေအရ ဆိုရင်တော့ အခု ပမာဏဟာ အမေရိကန် ဒေါ်လာ ၆၈,၅၀၀ လောက်အထိ ရှိတာလည်း ဖြစ်ပါတယ်။ အခုလို ၂၄ နာရီ အတွင်း အွန်လိုင်းကနေ အမှာစာပို့ကာ အားပေး ခဲ့ကြသူ‌တိုင်းအတွက် လာမယ့် ၂၀၂၃ ခုနှစ် မတ်နဲ့ ဧပြီလတို့မှာ ကားသစ် လက်ဝယ် အရောက်ပို့ဆောင် ပေးနိုင်လိမ့်မယ်လို့ Hyundai က အတည်ပြုပေးထားပါတယ်။ Pre-Order မမှီလိုက်တဲ့ သူတွေအဖို့ကတော့ အဆိုပါ ကားသစ်ကို အရောင်း ကိုယ်စားလှယ်တွေဆီကနေပဲ ဆက်လက် ဝယ်ယူနိုင်ပါလိမ့်မယ်။

Photo Credit: InsideEvs

အခု ဈေးနှုန်းနဲ့ ထွက်ပေါ်လာတဲ့ အဆင့်မြင့် လျှပ်စစ်ကားတစ်စီးလည်း ဖြစ်တာကြောင့် ကြိုတင် ခန့်မှန်းထားခဲ့ကြတဲ့အတိုင်း အမြင့်ဆုံးသော စွမ်းဆောင်ရည် စက်ပိုင်းဆိုင်ရာတွေ ပါဝင်လာပါတယ်။ လျှပ်စစ် မော်တာ ဆိုရင်လည်း ၂ လုံး အထိ ပါဝင်လာပြီး All-Wheel Drive စနစ်ကိုလည်း ထည့်ပေးထားတဲ့ အပြင် 77.4 kWh ဘက်ထရီ ကိုလည်း သုံးပေးထားတာကြောင့် စွမ်းအင်ကိုလည်း ပိုမိုကြာရှည်စွာ သိုလှောင် ပေးနိုင် တော့မှာပါ။ စွမ်းဆောင်ရည် ပိုင်းကတော့ 320 hp နဲ့ 446 lb-ft Torque အထိ ရှိပြီး WLTP Range စံနှုန်းအရ ဆိုရင်တော့ တစ်ခါ အားသွင်းထားရင် ၃၂၃ မိုင် အထိကို မောင်းနိုင်မယ်လို့လည်း သိရပါတယ်။ ကားမှာ ပါလာတဲ့ E-GMP Platform 800-V အားသွင်း စနစ်ကြောင့်လည်း 350 kW ရှိတဲ့ အမြန်အားသွင်းပုံစံကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး အားသွင်းတဲ့ အချိန်ရော မောင်းနေတဲ့ အချိန်မှာပါ အပူထိန်းညှိပေး တာမျိုးလည်း ရှိလာမှာပါ။ Ioniq 6 ကားသစ် ထဲမှာမှ သီးသန့် First Edition ကားတစ်မျိုးဖြစ်တာကြောင့် ကားအတွင်း အပြင်မှာ အပြင်အဆင် အသစ်တွေ ပါဝင်လာမှာ ဖြစ်ပြီး အများစုကတော့ Hyundai Prophecy EV Concept ကနေ ပြန်လည် ယူဆောင်ထားတာပါ။

Photo Credit: InsideEvs

ကားရဲ့ အပြင်ဘက်ကိုစကြည့်မယ် ဆိုရင်တော့ အတော်လေး မျက်စိပသာဒ ဖြစ်စေတဲ့ Matte Black အရောင်နဲ့ လက်မ ၂၀ အရွယ်ဘီးတွေကို စမြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခပ်ပြောင်ပြောင် အနက်ရောင် မှန်တွေ နဲ့ ကိုယ်ထည် ပိုင်း၊ အရှေ့ဘန်ဘာနေ အနောက် Boot Door နေရာတွေက အနက်ရောင် အလူမီနီယံ H ဆိုတဲ့ အမှတ်အသားတွေ ကလည်းကားကို ပိုကြည့်ကောင်း စေပြန်ပါတယ်။ ဒါတင်မကသေးပဲ ကားကိုယ်ထည် အရောင်ကိုပါ Biophilic Blue Pearl ၊ Serenity White Pearl ၊ Nocturne Grey Metallic နဲ့ Gravity Gold Matte တို့ဆိုပြီး အရောင် ၄ မျိုး အထိ ကို ရွေးချယ်ဝယ်ယူနိုင်ဦးမှာပါ။ အတွင်းခန်းထဲမှာတော့ အနက် ရောင် အတော်များများကို ဆက်သုံးထားပြီး အနက်ရောင် Headliner တွေ ၊ သီးသန့် လယ်သာသားနဲ့ ထိုင်ခုံတွေကိုမှ Grey Tartan Fabric ချည်သား ရောပေးထားတာတွေတို့အပြင် First Edition မှာပဲရနိုင်မယ့် ECONYL ကြမ်းခင်းတွေကိုလည်း မြင်ရဦးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ သာမန် Ioniq 6 lineup ကားသစ်တွေကိုတော့ အခုနှစ်အကုန်မှာပဲ ဥရောပ ဈေးကွက်မှာ စတင် ရောင်းချလာတော့မှာပါ။

Ref: InsideEvs