Hyundai ရဲ့ မကြာသေးမီကမှ ကြေညာချက်တစ်ခုအရဆိုရင် အသစ်ထွက်လာမယ့် Ioniq 5N ကားဟာ i30N ထက် အများကြီး ပိုမြန်လာလိမ့်မယ်လို့ သိရသလို Hyundai ကားတွေထဲ အမြန်ဆုံးနဲ့ အမြင့်ဆုံး စွမ်း ဆောင်ရည် ကိုတောင် ချပြလာနိုင်မယ့်ကားတစ်စီးအဖြစ် မြင်နေရပြီ ဖြစ်ပါတယ်။ N Branch ရဲ့ ယခင်က ခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခု လက်ရှိ Hyundai အတွက် နည်းပညာအကြံပေး ဖြစ်သူ Albert Biermann ကတော့ ကားသစ်အကြောင်းကို ထင်မြင်ချက် တစ်ချို့မျှဝေပေးလာခဲ့ပါတယ်။ ၎င်းရဲ့ အမြင်အရတော့ အခုကားအသစ်ဟာ Hyundai i30N ထက် သိသိသာသာကို ပိုမြန်ဆန်လာမှာဖြစ်ပြီး 600 hp လောက် နီးပါး အထိကို ရှိလာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါ့အပြင် ၎င်းကအဆိုပါ အဆင့်မှာတင် မရပ်တန့်သေးပဲ ကားအသစ်ဟာ 580 hp ကနေ 600 hp ဒါမှမဟုတ် 620 hp လောက်အထိကို စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဆိုခဲ့ ပြန်တာဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ပြောကြားချက်တွေ အရတော့ ကားတစ်စီးအတွက် မြန်နှုန်းက အဓိကကျနေတာမျိုး မဟုတ်ပဲ ပိုမြန်မြန် မောင်းနိုင်တိုင်း ပိုကောင်းတာမျိုး မဟုတ်ဘူးလို့လည်း ဆိုထားပါသေး တယ်။ အဓိက ကတော့ အခုကားက စွမ်းဆောင်ရည်နဲ့အညီ ဘယ်လောက်အထိ မောင်းလို့ကောင်းလဲ ဆိုတဲ့အချက်က ပိုအရေးကြီးတယ်လို့ Biermann က ဆိုထားပါတယ်။ ဒါကြောင့် လျှပ်စစ်ကားဖြစ်လာရင် တောင် ကုမ္ပဏီကနေ အတော်လေး မောင်းလို့ကောင်းပြီး လိုက်ဖက်မယ့် အသံထွက်ကို သေချာပြုပြင် ပြင်ဆင်ပေးထား လိမ့်မယ်လို့ Biermannက ယုံကြည်နေပါတယ်။

Photo Credit: AllAutoExperts

Drive Magazine ထံ ရှင်းပြချက်ထဲမှာတော့ Biermann က အခုအဆင့်မှာ အကြီးမားဆုံး စိန်ခေါ်မှုက အသံပိုင်းပဲ လို့ ဖော်ပြထားပါတယ်။ သူ့အနေနဲ့ အဆိုပါအပိုင်းမှာ အလုပ်ဝင်ခဲ့ ကတည်းက ကားတွေရဲ့ မြန်နှုန်း က အံ့အားသင့်ဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ထားနိုင်ပြီး ဖြစ်တာကြောင့် အခုတစ်ခေါက် လျှပ်စစ်ကားတွေရဲ့ မြန်နှုန်း ကလည်း မြင့်လာဦးမယ်ဆိုတာက သိပ်တော့ အံ့အားသင့်စရာ မဖြစ်နေတော့တာပါပဲ။ ဒါပေမယ့်လည်း လျှပ်စစ် ကားတွေဆီ ပိုမောင်းလို့ကောင်းမယ့် စွမ်းဆောင်ရည်မြင့် အသံတွေထည့်ပေးနိုင်တာမျိုးကသာ တကယ် စိတ်လှုပ်ရှားစရာတွေ ပေးနိုင်မှာဖြစ်ပြီး ကားအတွင်း စပီကာတွေကနေ ယခင် အင်ဂျင်တွေရဲ့ ပေါက်ကွဲအားလို အသံ မျိုး ရအောင်ဆော့ဖ်ဝဲနဲ့ လုပ်ယူနိုင်မှာလား ဆိုတာကိုတော့ ကားသစ်မှာ ဆက်လက်စောင့်ကြည့် သွားရတော့မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts