Hyundai ကတော့ အခုတစ်ပတ်လုံးမှာ သူတို့ရဲ့ All-New Ioniq 6 ကားသစ် အကြောင်း ကို ဖြည်းဖြည်း ချင်းစီ ချပြလာ နေရင်း စိတ်ဝင်စားမှုတွေကို ဆွဲဆောင် ယူနေခဲ့ပါတယ်။ တစ်ချို့ကတော့ အဆိုပါ ကားရဲ့ ဒီဇိုင်းကို ရုပ်ဆိုးတယ်လို့ ယူဆကြပေမယ့်လည်း တစ်ချို့ကတော့ အတော်လေးကို ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်း ကောင်းကောင်းနဲ့ ကားတစ်စီး အဖြစ် ဝိုင်းဝန်း ချီးကျူးနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကားသစ်မထွက် လာခင် အရင်မြင်ထားရတဲ့ Hyundai Ioniq 5 ကားကတည်းကိုက အတော်လေးကို ခေတ်မှီတဲ့ အသွင် အပြင်တွေနဲ့ လူကြိုက်များအောင် ဆွဲဆောင်ထားနိုင်တာကို တော့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ သေချာတာ ကတော့ Ioniq 6 ထက်စာရင် Ioniq 5 က ရုပ်ထွက်ပိုလှပြီး မောင်းရတာ လည်း ပေါ့ပေါ့းပါးပါး ရှိသလို အတွင်းခန်း ငြိမ့်ညောင်းမှုနဲ့ မြန်နှုန်းတွေကလည်း စွဲမက်စရာ ကောင်းနေတာပါ။ ကားရဲ့ အခြေခံ ဈေးနှုန်းက လည်း $ 44,000 ကနေ စတင်ထားတာ ဖြစ်လို့ မဆိုးဘူးလို့တော့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ ကားလေးကတော့ ၂၀၂၂ ရဲ့ World Car Of The Award ဆုပေးပွဲကြီးမှာ ထိပ်တန်း ဆုတွေကိုချည်း ရယူ နိုင် ခဲ့တာ ဖြစ်ကာ အခုဆိုရင်တော့ နောက်ထပ် ဆုတံဆိပ်တွေကိုပါ ထပ်မံ ရယူနိုင်ခဲ့ ပြန်ပြီလို့ သိရပါတယ်။

Photo Credit: CARBUZZ

လေးထောင့် ခပ်ကျကျ အနာဂါတ် ဆန်ဆန် ဒီဇိုင်းနဲ့ အဆိုပါ လျှပ်စစ် ကားလေးကတော့ Insurance Institute For Highway Safety (IIHS) ရဲ့ လုံခြုံရေး ပိုင်းဆိုင်ရာ အကဲဖြတ်တဲ့ အပိုင်းမှာ Top Safety Pick+ Package ကို ရရှိခဲ့တာ ပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက ကားတွေရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူ ထားသူ Brian Latouf ကလည်း ကုမ္ပဏီ အနေနဲ့ ပိုကောင်းတဲ့ လျှပ်စစ် စွမ်းအင်သုံး အနာဂါတ်ကို ဦးတည် နေတာကြောင့် Ioniq 5 က အခုလိုမျိုး IIHS ရဲ့ TSP+ Pack ကို ရရှိခဲ့တာ တကယ် ဂုဏ်ယူမိတယ်လို့ ဆိုထား ပါတယ်။ အဆိုပါ ကားမှာ ပါဝင်ထားတဲ့ လုံခြုံရေးစနစ်တွေကို ကြည့်မယ်ဆိုရင်လည်း အတော်လေး ကို ပြီးပြည့်စုံတာ တွေ့ရပြီး ကုမ္ပဏီရဲ့ Highway Driving Assist 2 စနစ်ကို ပထမဆုံး ရထားတဲ့ ကားဖြစ် တဲ့အပြင် Blind Spot Monitor စနစ် ၊ Smart Cruise Control စနစ်နဲ့ အခြားသော အရေးကြီး လုပ် ဆောင်ချက် တွေအကုန် ပါဝင် ထားတာပါ။ ဒါပေမယ့်လည်း အဆိုပါ ဆုရတဲ့ အဆင့် ကားတွေ ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၂၁ အတွင်း ထုတ်လုပ်တဲ့ ကားတွေချည်းပဲ ဖြစ်ပါတယ်။ နောက်တစ်ချက် အထင်ကြီးဖို့ ကောင်းတာကတော့ အခုလိုမျိုး Rating အမြင့်ကို ရဖို့အတွက် ဆက်ထိန်းပေးထားနိုင် တဲ့ ၂၀၂၂ အတွင်း ပဉ္စမမြောက် Hyundai ကားလည်း ဖြစ်လာတာပါ။

Photo Credit: CARBUZZ

အခုလို လုံခြုံရေး အမြင့်ဆုံး သတ်မှတ်ချက် ဆုတစ်ဆုကို ရယူနိုင်ခဲ့တဲ့အပြင် ကမ္ဘာတစ်ဝန်းက ကားသတင်း ဂျာနယ် လစ်တွေရဲ့ မဲပေးမှုအရလည်း အဆိုပါ ကားက ၂၀၂၂ အတွက် အကောင်းဆုံး လျှပ်စစ်ကားနဲ့ ဒီဇိုင်း အကောင်းဆုံး အဖြစ်လည်း သတ်မှတ်ပေး ခဲ့ကြပါတယ်။ ဒါကြောင့် အသစ်ထပ်ထွက်လာမယ့် Ioniq 6 မှာ ဆိုရင်လည်း ပိုကောင်းအောင်ပဲ ဖန်တီးပေးလာ နိုင်သလို Ioniq 5 ကတော့လာမယ့်နှစ် အနည်းငယ်လောက် အထိ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာနိုင်ဦးမှာ မဟုတ်ပါဘူး။ Hyundai ကတော့ တစ်ချိန်တည်းမှာပဲ အဆိုပါ ကားကိုမှ သူတို့ရဲ့ ထုံးစံ အတိုင်း စွမ်းဆောင်ရည် ပိုကောင်းအောင် အသားပေးထားတဲ့ N Model အသစ်ကိုလည်း ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေပြန်ပါတယ်။ လက်ရှိမှာတော့ အတိအကျ မသိရ သေး ပေမယ့်လည်း Ioniq 5 N အနေနဲ့သာ ထွက်လာမယ် ဆိုရင် Kia EV 6 GT အတွက် ပြိုင်ဘက်ကောင်း တစ်ရပ် ဖြစ်လာနိုင် ကာ Kia ကတော့ အဆိုပါ ကားမှာ 585 hp နဲ့ 546 lb-ft Torque အထိ ရအောင် စွမ်း ဆောင်ထားနိုင်ပြီး တစ်နာရီ မိုင် ၆၀ နှုန်းအရှိန်တင်ဖို့ကိုလည်း ၃.၅ စက္ကန့်ပဲ အချိန်ယူရတဲ့ အထိ ကြမ်းပြ ထား ပါတယ်။ ဒါကြောင့် ကောင်းပြီးသား Ioniq 5 ကိုလည်း N Version အနေနဲ့ ဘယ်လို ထပ်ကြမ်းပြဦး မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.com