အင်္ဂလန်နိုင်ငံ ၊ Essex ဒေသမှာတော့ Hyundai ကနေ သဘာဝ ပတ်ဝန်းကျင်ကို ကောင်းကောင်းခံစားလို့ ရနိုင်မယ့် ဟိုတယ်တစ်လုံး ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့် သဘာဝ အလှအပတွေထက်ပိုပြီး ပြီးပြည့်စုံ သွား‌စေမယ့် ဟိုတယ် ရဲ့ ထူးခြားချက်ကတော့ Hyundai Ioniq 5 ကားဆီက လျှပ်စစ် စွမ်းအင်နဲ့ လည်ပတ်နေတာပါပဲ။ အဆိုပါ ဟိုတယ် လေးမှာ တစ်ညတည်းခို အနားယူဖို့ အတွက်လည်း ပြိုင်ပွဲလေးတစ်ခု စီစဉ်ပေးထားပြီး အနိုင်ရသူ ၁၄ ဦးက တည်းခို ခွင့်ရမှာပါ။ ဧည့်သည် ၂ ဦး အနေနဲ့ ဟိုတယ်ရဲ့ အတော်လေး သက်တောင့်သက်သာ အေးဆေးလှပတဲ့ အခန်း တစ်ခန်းထဲမှာ အတူတူ အနားယူနိုင်မှာ ဖြစ်ပါတယ်။ ဟိုတယ်အခန်းရဲ့ ကြမ်းပြင် ၊ နံရံနဲ့ မျက်နှာကြက်တွေကအစ အဖြူရောင် သစ်သား အပြင်အဆင်လေးတွေကို ထည့်ပေးထားပြီးနံရံပေါ်မှာ အပူပေးစက် Heater တစ်လုံးကို တောင် တပ်ဆင်ပေးထား ပါသေးတယ်။

Photo Credit: motor 1.com

ဟိုတယ်ကို လာရောက် တည်းခိုမယ့် သူတွေလည်း ဟိုတယ်နား တစ်ဝိုက်က လယ်မြေ၊ ယာမြေနဲ့ သစ်တောတွေ ရှိတဲ့ မြေဧက ၂၀၀ ဝန်းကျင် လောက်ကို လည်ပတ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဟိုတယ်ခန်းတွေကတော့ ၈၁ မိုင် စာ Essex Way Trail နားမှာ တည်ရှိတာဖြစ်ပြီး ကမ္ဘာပေါ်က သက်တမ်းအရင့်ဆုံး သစ်သား ဘုရားကျောင်းကြီး The Greensted Church ကျောင်းကလည်း အနီးနားမှာတင်ရှိလို့ သွားရောက်လေ့လာ နိုင်ဦးမှာပါ။ ဟိုတယ် အတွင်းခန်း ထဲမှာတော့ ဘားတစ်ခုနဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို သီးသန့်ခွဲပေးထားပြီး စားစရာနေရာတွေအဖြစ် Indoor ရော Outdoor ရော ရနိုင်ပါတယ်။ အစားအသောက်တွေ ဆိုရင်လည်း ဒေသထွက်ထုတ်ကုန်တွေ ၊ မနက်/ နေ့လည်/ညစာ အစုံနဲ့အတူ သောက်စရာ ကော့တေးတွေစသဖြင့် အစုံအလင် ရနိုင်မှာပါ။ အစားအသောက် အပြီး ညဘက်မှာ ရနိုင်မယ့် ထူးခြားတဲ့ အစီအစဉ်ကတော့ Ioniq 5 ကားဆီကရတဲ့ လျှပ်စစ်စွမ်းအင်နဲ့ လည်ပတ်မယ့် ရုပ်ရှင် ပရိုဂျက်တာနဲ့ စပီကာတွေပါပဲ။ ဒါ့အပြင် ရုပ်ရှင်ကြည့်ရင်း တွဲဖက်စားနိုင်မယ့် ပေါက်ပေါက်ဆုပ် ဆိုင်လေးလည်း ရှိပါသေးတယ်။

Photo Credit: motor 1.com

အခု ဟိုတယ်လေးရဲ့ လျှပ်စစ်စွမ်းအင်ပိုင်းကို ‌အထောက်အကူ ပြုထားတဲ့ Ioniq 5 ကားလေးရဲ့ Vehicle To Load စနစ်က 3.6 kw ဒါမှမဟုတ် AC Power နဲ့ဆိုရင် 230-V အထိ ရှိတာလည်း ဖြစ်ပါတယ်။ ကားမှာ ပါဝင်လာတဲ့ အားသွင်းခေါင်း Adaptor ကလည်း ယူကေရဲ့ သာမန်အိမ်သုံး လျှပ်စစ်ပစ္စည်းတွေနဲ့ အတူတူပဲဖြစ်လို့ ပိုပြီး အဆင်ပြေစေမှာပါ။ အခုလိုမျိုး လျှပ်စစ်စွမ်းအင်ကို ကားကနေ ပြန်ထုတ်ပေးနိုင်တာဟာ လျှပ်စစ်ကားတွေ အတွက်တော့ ပုံမှန်လိုကို ဖြစ်လာခဲ့ပြီး တစ်ချို့သော Hybrid ကားတွေမှာတောင် ရလာနေပြီ ဖြစ်ပါတယ်။ ဥပမာ ပြရမယ် ဆိုရင်တော့ 2.4 kw အထိရှိတဲ့ Generator နဲ့ အတူ F-150 Hybrid ကားမှာလည်း အလားတူ စနစ်ရနေပြီ ဖြစ်ပြီး 7.2 kw Unit ကိုလည်း လိုအပ်ရင် မြှင့်တင်ပေးနိုင်ပါသေးတယ်။ F-150 Lightning လျှပ်စစ်ကားမှာ ဆိုရင် တော့ ပိုကောင်းတဲ့ 9.6 kw Version ကို ရနိုင်သေးတာဖြစ် လို့ Vehicle To Load စနစ်ရဲ့ အသုံးဝင်ပုံတွေက ပိုများလာတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com