ကားလောကထဲ ခေတ်အစားဆုံး ဖြစ်လာတဲ့ Crossover တွေ SUV ‌တွေဆိုတာ လူတိုင်း လိုချင်ကြတဲ့ ကားအမျိုးအစား တွေ မဟုတ်ဘူး ဆိုတာကိုတော့ Hyundai ဘက်က သတိပြုမိပုံ ရပါတယ်။ ဒါကြောင့်လည်း Hyundai က လက်ရှိအချိန်အထိ ဟိုးယခင် ကားဟောင်း ပုံစံတွေကို ဆက်လက် ဖန်တီးရောင်းချနေဆဲဖြစ်ပြီး အခုဆိုရင် မျိုးဆက်သစ် ကားသေး အရွယ်လေးတွေ ဖြစ်ကြတဲ့ i10 i20 နဲ့ i30 Model တွေကိုပါ ဆက်လက် ထုတ်ပေးသွားဦးမယ်လို့ အတည်ပြုလိုက်ပါပြီ။ အခြားသော ကားကုမ္ပဏီ အတော်များများက Subcompact နဲ့ Compact ကားတွေ ဘက်ကို ခြေဦးလှည့်နေချိန်မှာ Hyundai က အခုလို Hatchback အသေးလေးတွေ ကိုလည်း ပစ်မထား ကြောင်း ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဥရောပဈေးကွက်ပိုင်း အကြီးအကဲဖြစ်သူ Micheal Cole ကိုယ်တိုင်ကနေ Kona ကို နှစ်ရှည်လများ အားပေးလာသူတွေအတွက် အခုလိုကားသေး လေးတွေ ကိုလည်းမျိုးဆက်သစ် အဖြစ် ဆက်လက် ထုတ်ပေးသွားမှာဖြစ်ပြီး အဆိုပါကား သေးလေးတွေရဲ့ အမာခံပရိသတ် တွေ ကိုလည်းပစ်ပယ်သွားမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ဖြစ်နိုင်တာ တစ်ခုကတော့ အဆိုပါကားလေးတွေကိုလည်း လျှပ်စစ်စွမ်းအင် ပေါင်းစပ်ပေးဖြစ်လာ တော့မှာ ဖြစ်ပြီး ဥရောပ ဈေးကွက်မှာ ဆက်လက်ရှင်သန်ဖို့ ဆိုရင်တော့ လုပ်ကိုလုပ်ရတော့မှာပါ။ ၂၀၃၅ အရောက်မှာ လျှပ်စစ်ကားတွေပဲ လက်ခံတော့မယ့် ဥရောပ ဈေးကွက်အတွက် ပြင်ဆင်ချိန် ၁၂ နှစ်ခန့် ရသေးတာကြောင့် i10 i20 နဲ့ i30 မျိုးဆက်သစ် ကားတွေအတွက် အချိန်တော့ ရပါသေးတယ်။ တစ်ဖက် မှာလည်း အမေ့ခံကား‌တစ်မျိုး ဖြစ်တဲ့ Elantra ရှိနေပြန်ပြီး ဓာတ်ဆီကား Elantra N ကိုတော့ ဥရောပရဲ့ တင်းကြပ်တဲ့ ကာဗွန်ထုတ်လုပ်မှု စည်းမျဉ်းတွေ ကြောင့်ပဲ လက်လွှတ်ရနိုင် တယ်လို့လည်း သိရပြန်ပါတယ်။ နောက်ထပ် Kona N ကား အမျိုးအစားကို ဆိုရင်လည်း မျိုးဆက်သစ် ထွက်လာမယ်ဆိုရင် လျှပ်စစ်ကား ဖြစ်နိုင်တယ်လို့ သိထားရပြီး နောက်ထပ် ထွက်လာမယ့် Ioniq 5 N ကားရဲ့ အောင်မြင်မှုကိုတော့ ချိန်ဆကြည့်ရဦးမယ့် သဘောရှိနေပါတယ်။

Photo Credit: motor 1.com

Hyundai ဘက်ကနေ အခုလိုမျိုး အချိန်အတိုင်းအတာ တစ်ခုအထိ ကားသေးလေးတွေဘက် အာရုံစိုက်ထားနိုင် ပေမယ့်လည်း ဥရောပ ရဲ့ စည်းကမ်းတွေကို မဖြစ်မနေလိုက်နာရမယ့် အခါမှာတော့ သာမန်အင်ဂျင် ကားလေးတွေ အဖို့ နေရာပျောက် ကောင်းပျောက် ‌နိုင်ပါတယ်။ Euro 7 စည်းမျဉ်းတွေဟာ လာမယ့် ဆယ်စုနှစ် အတွင်းမှာတင် အသက်ဝင်လာတော့မှာ ဖြစ်လို့ အဆိုပါ ကားလေးတွေရဲ့ ဈေးကလည်း ပိုမြင့်လာနိုင်ပြီး အခြားသော ကုမ္ပဏီတွေ လိုမျိုးအဆိုပါ အင်ဂျင်ကားသေးလေးတွေကို လျှပ်စစ်ကားသေးလေး တွေအဖြစ် ပြောင်းကို ပြောင်းပေးလာ ရနိုင်ပါတယ်။ အဆိုပါ ကားတွေထဲမှာမှ ကာဗွန် ထုတ်လုပ်မှု အတော်များတဲ့ Sport ကားတွေအဖြစ် i20 N နဲ့ Volkswagen ရဲ့ Polo GTI တို့က ရှိနေပြီး အနာဂတ်က ပိုဝေဝါးလို့နေပါပြီ။ လောလောဆယ် မှာကိုပဲ အဆိုပါ GTI ကားလေးအတွက် အမှာစာတွေ ပိတ်ထားလိုက်ပြီ ဖြစ်တာကြောင့် အနာဂတ်မှာ ကားသေးဆိုရင်လည်း လျှပ်စစ်ကားသေးလေးတွေကိုသာ မြင်ရဖို့များနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com