ဆင်းရဲ ချမ်းသာကွာဟ လာမှုတွေနဲ့အတူ မတူညီမှုတွေ များလာတာရဲ့ နောက်ဆက်တွဲအနေနဲ့ ကမ္ဘာအနှံ့မှာ ခိုးမှု တွေက ပုံစံမျိုးစုံနဲ့ ရှိလာနေခဲ့ပါတယ်။ အခုလို ခိုးမှုတွေ အတော်များလာတဲ့ အခါမှာတော့ ကားတွေ အတွက် သီးသန့် ကို အာရုံထားပြီး ခိုးယူတဲ့ ကားခိုးမှုတွေကပါ ခြိမ်းခြောက်လာနေပြန်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်မှာတော့ အခိုးခံရဆုံး ကားစာရင်းတွေကို ကြည့်လိုက်ရင် ဇိမ်ခံကားတွေလို ဈေးကြီးကား တွေ မဟုတ်တော့ပဲ တန်ဖိုးသင့် ကားမော်ဒယ်တွေ ပိုဖြစ်လာပါတယ်။ အဝေးပြေး လမ်းမများ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုရဲ့ အာမခံအချက် အလက်တွေ အပေါ် သုတေသနပြုချက်အရတော့ လောလော ဆယ် အခိုးအခံရဆုံး ကားတွေထဲ Hyundai နဲ့ Kia Brand တွေ အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ တကယ်တော့ အဆိုပါ ကား Brand ၂ ခုက ကားတွေက အခြား သော ကားအမျိုးအစားတွေ အခိုးခံရတာနဲ့ ယှဉ်ရင် နှစ်ဆလောက်ကို ပိုများနေတာဖြစ်ပြီး အခြားသော ကားသစ်တွေထဲမှာ ‌ဆိုရင်တော့ Dodge Charger SRT Hellcat ကားကလည်း အခိုးခံရဆုံး ဖြစ်လို့နေပါတယ်။

Photo Credit: motor 1.com

အဆိုပါ တောင်ကိုရီးယားထုတ် ကားဟောင်းတွေရဲ့ အဓိကပြဿနာကတော့ Electronic Immobilizer တွေ မပါဝင် တာကြောင့် ဖြစ်ပြီး USB Cable ကြိုးလေးနဲ့တင်ပဲ အလွယ်တကူ ခိုးလို့ ရနေတာပါ။ အခုနှစ် အစောပိုင်း တုန်းကပဲ Hyundai နဲ့ Kia တို့‌ရဲ့ ကြေညာချက် တစ်ခုမှာ 2022 Models တွေ အကုန်လုံးမှာ အဆိုပါ Electronic Immobilizer တွေတပ်ဆင် အဆင့်မြှင့် ပေးလိုက်ပြီလို့ ဖော်ပြလာပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ ပိုပြီး လုံခြုံလာဖို့ ရှိနေပါပြီ။ သုတေသန ပြုလုပ်တဲ့ HLDI ရဲ့ Senior Vice President ဖြစ်သူ Matt Moore ကတော့ အခုလို ကားခိုးမှုတွေ ဟာ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ပိုများလာခဲ့ တယ်လို့ မှတ်ချက်ပြုထားပါတယ်။ အခုလို အရေအတွက် အချက် အလက် တွေအရတော့ အဆိုပါ ကားတွေဟာ မြန်လည်းမြန် ပြန်‌ရောင်းလည်း ဈေးကောင်းရမယ့် အပြင် ခိုးရတာ လည်း လွယ်‌တာကြောင့် ဖြစ်ပါ တယ်။ ယခင် လေ့လာချက်တွေအရတော့ Electronic Immobilizer တွေကို ကုမ္ပဏီ အတော် များများက သုံးလာပြီး နောက်ပိုင်းမှာ ကားသူခိုးတွေ အတော် အခက်တွေ့လာ ကြပေမယ့် Hyundai နဲ့ Kia တို့က တော့ ဒီအပိုင်းမှာ အနည်းငယ် နောက်ကျသွားတာကြောင့် အခုလို ဖြစ်သွားတာပါပဲ။

Photo Credit: motor 1.com

အခု HLDI ရဲ့ ၂၀၂၁ လေ့လာချက်တွေ အရတော့ အခုလို ကားအခိုးခံရမှုတွေနဲ့ နောက်ဆက်တွဲမှာ ကားတွေအတွက် ဒေါ်လာနဲ့ချီကာ အကာအကွယ် ပေးထားတဲ့ အာမခံ လုပ်ငန်းတွေ အတွက်လည်း အတော်လေး ခေါင်းခဲစေခဲ့ပါတယ်။ လေ့လာချက်ထဲက ပစ်မှတ်ထား အခိုးခံရဆုံး ကားတွေစာရင်းကို သက်ဆိုင်ရာ အာမခံ လုပ်ငန်းတွေရဲ့ စည်းမျဉ်းတွေ အတိုင်းတွက်ချက် ထားတာဖြစ်ပြီး အာမခံထားတဲ့ ကားအစီးရေ ၁,၀၀၀ မှာ ဘယ်လောက် အခိုးခံရလဲဆိုတဲ့ ပုံနဲ့ သုတေသန ပြုထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com