ယူကရိန်း အရေးကြောင့် တစ်ကမ္ဘာလုံး စက်သုံးဆီဈေးတွေအတော်လေး ထိုးတက်လာတာကြောင့် နိုင်ငံတကာ ကားဈေးကွက်မှာ ကတော့ အခုချိန်ဟာ လျှပ်စစ်ကားတွေ အဝယ်ပြန်လိုက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကိုရီးယား ကားကုမ္ပဏီကြီး Hyundai အနေ နဲ့ 2022 Hyundai Ioniq 5 နဲ့ Kia ကတော့ 2022 Kia EV 6 ဆိုပြီး လျှပ်စစ်ကားသစ် ၂ စီးကို လောလောလတ်လတ် မိတ်ဆက်ပေးထား ပါတယ်။ ဒါပေမယ့် ဈေးနှုန်းတွေကတော့ အနည်းဆုံးကိုပဲ $ 43,650 နဲ့ $ 40,900 တို့အထိ ရှိလို့နေတာပါ။ ဒါကြောင့် လျှပ်စစ်ကား ပြောင်းစီးချင်ပေမယ့် ကြီးမားလွန်းတဲ့ ဈေးနှုန်းက အဟန့်အတား တစ်ခုလို ဖြစ်နေပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ အနေအထား တွေ ပြေလည်အောင် Hyundai နဲ့ Kia တို့က ကြိုးစားဖြေရှင်းနေပြီ ဖြစ်ပြီး အနာဂါတ်ရဲ့ ထိုင်ခုံ ၃ တန်းပါ လျှပ်စစ် SUV နဲ့ Pickup Truck ကားတွေအပြင် အမေရိကလို ဈေးကွက်ထဲမှာပါ ဈေးသက်သာတဲ့ လျှပ်စစ် ကားတွေကို သပ်သပ် ထုတ်လုပ် ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါ ဈေးသက်သာမယ့် လျှပ်စစ် ကားတွေထဲမှာတော့ မျိုးဆက်သစ် Hyundai Kona ရဲ့ လျှပ်စစ် ကားမျိုးကွဲ ၃ မျိုး ပါဝင်လာနိုင်သလို 2023 Kia Niro လည်း ပါဝင် လာနိုင်ပါတယ်။
အဆိုပါ မျိုးဆက်သစ် Kona အနေနဲ့ Niro ကားနဲ့ အတူတူ K3 Platform ကိုပဲ အသုံး ပြုလာမယ်လို့ သိထားရပြီး လျှပ်စစ်အပြင် Hybrid ၊ Plugin Hybrid နဲ့ ဘက်ထရီ လျှပ်စစ်သီးသန့်တို့ ဆိုပြီး ရလာနိုင်ပါတယ်။ Standard Kona Hybrid ကားမှာ ဆိုရင်တော့ 1.6 Liter Four-Cylinder Engine ကိုပဲ လျှပ်စစ်မော်တာတစ်လံးနဲ့ Six-Speed Automatic Transmission တို့နဲ့ တွဲဖက်ပေးထား လာနိုင်ပါတယ်။ အဆိုပါ အင်ဂျင် အတွဲအစပ်အတိုင်း ဆိုရင်တော့ ကားရဲ့စွမ်းဆောင်ရည်က 139 hp နဲ့ 195 lb-ft Torque လောက်အထိ ရှိလာနိုင်ပါတယ်။ PHEV ကားမှာဆိုရင်တော့ ပိုကြီးတဲ့ 11.1 kWh Battery ကို ထည့်သွင်းထားနိုင်ပြီး စွမ်းဆောင်ရည်ကတော့ 182 hp လောက်အထိ ရှိလာ ပါတယ်။ တစ်ဖက်မှာလည်း သာမန် ဂတ်စ်စွမ်းအင်သုံး Kona ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ဘယ်လို အင်ဂျင် အမျိုးအစား ကို သုံးထားမှာလဲ ဆိုတာတော့ မသေချာသေးပါဘူး။ လက်ရှိ ဈေးကွက်ထဲက Kona မှာတော့ ရွေးချယ်စရာ အင်ဂျင်သုံးမျိုးနဲ့ ရရှိထားပြီး Base Model အဖြစ် 147 hp ရှိကာ Turbo Model အဖြစ် 195 hp ၊ Kona N ကတော့ 272 hp အဖြစ် အသီးသီး စွမ်းဆောင်ထားနိုင်ကြ တာ ဖြစ်ပါတယ်။
Hyundai အနေနဲ့ အဓိက ရည်ရွယ်တာကတော့ ဈေးသက်သာတဲ့ လျှပ်စစ် ကားတစ်စီးအဖြစ် Kona ကို ပုံဖော်ချင်နေတာဖြစ်ပြီး ဈေးသက် သာတဲ့ ကားဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ 201 hp လောက်အထိ ရှိထားနိုင်ပေမယ့် Torque ကတော့ 291 lb-ft ကနေ 188 lb-ft Torque လောက်အထိ လျော့သွားနိုင်ပါတယ်။ အခုလို အပြောင်းအလဲတွေ တကယ်ဖြစ်လာမယ်ဆိုရင်တော့ ဈေးနှုန်းကို လျှော့ချသွား နိုင်မှာဖြစ်ပြီး ကားရဲ့ ပုံစံ ကိုလည်း အနည်းငယ် ပြောင်းလဲလာနိုင်ကာ ဈေးနှုန်းကသာ $ 34,000 ဝန်းကျင် လောက် ဆိုရင်တော့ Ioniq 5 ထက် $ 10,000 လောက်ကို သက်သာနေစေမယ့် လျှပ်စစ်ကားကောင်း တစ်စီး ဖြစ်လာဖို့ ရှိပါတယ်။ Kia ကုမ္ပဏီ ဘက်မှာ ဆိုရင်တော့ Soul နဲ့ Seltos အမျိုးအစားတွေက Hybrid စနစ်တွေနဲ့ ကားသစ်တွေအဖြစ် ပြောင်းလဲရရှိလာဖို့ ရှိတာကြောင့် မကြာခင်မှာပဲ ဈေးကွက် ထဲ ဈေးအနည်းငယ် သက်သာမယ့် လျှပ်စစ်ကားတွေ ရောက်လာ နိုင်မလား ဆိုတာတော့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။
Ref: carbuzz.com