Physical Controller တစ်ခု ဖြစ်တဲ့ iDrive နဲ့အတူ Dashboard အလယ် တည့်တည့်မှာ Screen ကြီးကို BMW တို့ စထည့်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော် အထိကို ရှိလာပြီဖြစ်ပြီး အဆိုပါ ပထမဆုံး ကားမော်ဒယ် ကတော့ E 65 BMW 7 Series တွေပဲ ဖြစ်ပါတယ်။ ပထမဆုံးသော အဆိုပါ iDrive စနစ်ကတော့ တော် တော်လေးကို သုံးရတာ အဆင်ပြေပြေ ရှိခဲ့တယ်လို့ ဆိုရမှာပါ။ အဆိုပါ အချိန်လောက်က စပြီး နောက်ပိုင်း မှာတော့ Infotainment System တွေ Dashboard ပေါ်မှာ တပ်ထားတဲ့ Screen တွေက ပိုပိုကောင်းလာ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ Screen အရွယ်တွေ အရမ်း ကြီးလာပြီး ကိုယ်တိုင်ကိုင်တွယ် ထိတွေ့လို့ ပိုကောင်းတဲ့ Physical ခလုတ်တွေအတွက် နေရာမပေးနိုင် တော့တာပါပဲ။ တစ်ချို့ဆိုရင် Screen တွေက ကြီးလာလွန်းနေတာကြောင့် Screen တစ်ခု ဘယ်နားမှာ အဆုံးသတ်မလဲ ဆိုတာတောင် သေချာမသိရတဲ့ ဒီဇိုင်းတွေပါ ပါလာနေတာပါ။ အခုဆိုရင် တော့ BMW i ရဲ့ အတွင်းခန်း ဒီဇိုင်နာအဖွဲ့က အခုလိုမျိုး Infotainment Screen အကြီးစားကြီးတွေဟာ ကားတွေရဲ့ အတွင်း ခန်းကို အမြဲတမ်းလွှမ်းမိုး ထားနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါပြီ။

Photo Credit: CARBUZZ

အဆိုပါ BMW i အတွင်းခန်း ဒီဇိုင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သူ Matthias Junghanns ကတော့ Car Design News ဆိုတဲ့ စကားဝိုင်း ဆွေးနွေးပွဲ တစ်ခုမှာ ဝင်ရောက် ပြောကြားခဲ့တာပါ။ အဆိုပါ ဆွေးနွေးပွဲမှာ ဆိုရင်တော့ Pininfarina နဲ့ Polestar တို့ရဲ့ ယခင် ဒီဇိုင်နာ ဖြစ်ခဲ့ဖူးသူတွေလည်း ပါဝင်ခဲ့ကြတာဖြစ်ပြီး အနာဂါတ် ကားတွေရဲ့ အတွင်းခန်းဒီဇိုင်းတွေ အကြောင်းကို သေချာဆွေးနွေး သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Junghanns ကတော့ Screen အကြီးကြီး တွေ အကြောင်း ပြောရမယ် ဆိုရင်တော့ သူ့ အနေနဲ့ လာမယ့် မရှေးမနှောင်း ကာလအတွင်းမှာပဲ အဆိုပါ Screen ကြီးတွေရဲ့ ခေတ်က ကုန်တော့မှာပါလို့ ဆိုလိုက်တာပါ။ ဒါပေမယ့် အခုလို အနေအထားမျိုးမှာ သူ့အနေနဲ့ အခုလို ခန့်မှန်း လိုက်တာကတော့ နည်းနည်း သရော်ရာ ကျနေပါလိမ့်မယ် ထင်ပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ BMW 7 Series နဲ့ i7 အသစ်တွေမှာ ဆိုရင် ၁၂.၃ လက်မ နဲ့ ၁၄.၉ လက်မ အရွယ် Screen ၂ ခုကို ပေါင်းထည့် ပေးထားလို့ပါပဲ။ ဒါတင် မကသေးပဲ ကားရဲ့ အနောက်ဘက်ခန်း ထဲမှာလည်း ၃၁.၃ လက်မ အထိကို ကြီးမားတဲ့ Entertainment Screen ကြီး တစ်ခုကိုတောင် ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် Junghanns ကတော့ သူ့ရဲ့ အပြောကို အကြောင်းအရာ တစ်ခုနဲ့ ပြန်ကာထားပြီး အဲ့ဒါကတော့ Screen တွေ ဟာ လိုတဲ့ အချိန်မှ ပေါ်လာတာမျိုးတွေ ပိုဖြစ်နိုင်တယ်လို့လည်း ဆိုထားလိုက်တာပါပဲ။ ဒါကြောင့် Dashboard ပေါ်မှာ နည်းနည်းမျက်စိနောက်စရာ ဖြစ်လောက်အောင် ကြီးကြီးမားမား ပေါ်နေ တာ မျိုးထက် အသုံးမလိုရင် တစ်နေရာရာ ထဲမှာ မြုပ်ဝင်နေတာမျိုးက ပိုဖြစ် နိုင်ပါတယ်။ လောလောဆယ် ခန့်မှန်းလို့ ရတာကတော့ Bentley ရဲ့ လှည့်လို့ ရတဲ့ Screen လိုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ BMW ရဲ့ iDRIVE နဲ့ Stellantis ဆီက Uconnect စနစ်တို့ အပြင် Ford ရဲ့ SYNC Infotainment System တွေ အကုန်လုံး က ကောင်းမွန် ကြတာ တွေ ချည်းဖြစ်ပေမယ့် သူတို့ရဲ့စနစ်တွေ အားလုံးကတော့ Screen အကြီး ကြီးတွေ လိုအပ်လို့ အသုံးပြုနေကြဆဲ ပါပဲ။  အခု Junghanns ရဲ့ အယူအဆ ကိုတော့ Polestar ရဲ့ ဒီဇိုင်း ပိုင်းတာဝန် ယူထား သူကလည်း ထောက်ခံ ခဲ့ပါသေးတယ်။ ကားလောက ထဲမှာတော့ အခုနှစ် ‌အစောပိုင်းက စလို့ ခေတ်ပေါ် Infotainment စနစ် တွေရဲ့ ယာဉ်မောင်းတွေ အပေါ် အာရုံနောက်စရာတွေ အကြောင်း ကိုလည်း အလေးထား ဆွေးနွေးလာ နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အင်ဂျင် နီယာ တွေဖို့ကတော့ အခုလို Screen အကြီးကြီးတွေကို ချက်ချင်း ဖယ်ထုတ်ပစ်ဖို့ဆိုတာ ခက်ခဲနေဆဲဖြစ်လို့ ဒီ နည်းပညာ တွေကိုသာ လုံခြုံရေးအတွက် များများအကျိုး ပြုနိုင်တာမျိုးပဲ ဖြစ်ဖို့အတွက် မျှော်လင့်ထားရဦး မှာ ဖြစ်ပါတယ်။

Ref: carbuzz.com