Honda ကားကုမ္ပဏီ ကြီးရဲ့ နောက်ဆုံးပေါ်  ယာဉ်အမျိုးအစားကတော့ ကားမဟုတ်ပဲ အလိုအလျောက် ဆင်းသက်နိုင်ကာ ယခင်ထက်လည်း အကွာအဝေး ပိုဝေးဝေးသွားနိုင်တဲ့ HondaJet Elite II ဆိုတဲ့ လေယာဉ် ပဲ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ လေယာဉ်ကိုမှ  အနီရောင် အစင်းကြောင်းလေးတွေ ပေါင်းထားတဲ့ ကိုယ်ထည်အနက်နဲ့ Black Edition Livery အသစ် တစ်စီးကိုမိတ်ဆက် ပေးလိုက်ပြန်ပါပြီ။ Elite II ကတော့ စွမ်းအင်တစ်ခါ ဖြည့်တင်းထားရင် ခရီးသည် လေးဦးလိုက်ပါပြီး လေမိုင် ၁,၅၄၇ မိုင် လောက် အထိ မောင်းနှင်နိုင်တော့မှာဖြစ်ကာ လက်ရှိ Elite နဲ့ Elite S Model လေယာဉ်တွေမှာရတဲ့ ၁,၄၃၇ လေမိုင် ပမာဏထက်စာရင် အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အများဆုံး သယ်ယူပို့ဆောင် ပေးနိုင်မယ့် အလေးချိန်ကတော့ ၁၁,၁၀၀ ပေါင် ဖြစ်ပြီး ယခင်လက်ရှိ Elite ကတော့ ၁၀,၇၀၀ ပေါင် ၊ Elite S ကတော့ ၁၀,၉၀၀ ပေါင် တွေအထိပဲ အသီးသီးတင်ဆောင် နိုင်တာဖြစ်လို့ ဒီ အပိုင်းမှာလည်း တိုးတက်လာ ပြန်ပါတယ်။ ဒါပေမယ့် ပစ္စည်းတင်လို့ရမယ့် လေယာဉ်အတွင်း ဧရိယာပမာဏ ကတော့ လျော့ကျသွားပြီး ယခု မော်ဒယ်တွေမှာ ၆၆ ကုဗပေ ရှိရာကနေ လေယာဉ်အသစ်မှာတော့ ၆၂ ကုဗပေ ပဲ ရနိုင် တော့မှာပါ။

Photo Credit: motor 1.com

အခု Elite II အတွက် ပိုကောင်းလာတာကတော့ လေယာဉ်မှူးတွေအဖို့ မောင်းနှင်ရတာ ပိုလွယ်ကူမယ့် နည်းပညာတွေ ထည့်ပေးလာတာပါပဲ။ လေယာဉ် ရဲ့ စတီယာတိုင်ဆိုရင်လည်း လေယာဉ်အရှေ့ဘက်က Nose Wheel ကိုပါ ထိန်းနိုင်အောင် လုပ်ဆောင်ပေးထားပြီး မြေပြင်ပေါ် သွားလာရတာလည်း ပိုပြီးတိကျ အဆင်ပြေလာတော့မှာ ဖြစ်ပါတယ်။ လေယာဉ်အသစ်မှာ နောက်ထပ် ပါဝင်လာတဲ့ အလိုအလျောက် အလုပ်လုပ် နိုင်တဲ့ Ground Spoiler တွေကလည်း လေယာဉ် အတက်အဆင်းတွေမှာ ကောင်းကောင်း အထောက်အကူပြုနိုင်ပါသေးတယ်။ လေထဲ မောင်းနှင်နေတဲ့ အချိန်မှာ ဆိုရင်လည်း ရွေးချယ်လို့ ရသေးတဲ့ AutoThrottle စနစ်ကို ထည့်ပေးထားသေးတာ ဖြစ်ကာ အဆိုပါ စနစ်ကနေ လေယာဉ်သွားလာနေတဲ့ လမ်းကြောင်းခရီးစဉ် အကွာအဝေး အခြေအနေတွေကို တွက်ဆပြီး စွမ်းအင် ချွေတာပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခု လေယာဉ်မှာမှ ပါဝင်လာတဲ့ အလိုအလျောက် အရေးပေါ် လေယာဉ် ဆင်းသက်ပေးမယ့် လုပ်ဆောင်ချက်ကလည်း အရေးပေါ် အခြေအနေမှာကို လေယာဉ်မှူး ထိန်းချုပ်စရာ မလိုတော့ပဲ ဘေးကင်းအောင် အလို အလျောက် ဆင်းသက်ပေးမှာ ဖြစ်ပါတယ်။

အတွင်းခန်း ထဲမှာတော့ သစ်သား ဒီဇိုင်း Accents လေးတွေ နဲ့ ပေါင်းထားတဲ့  Onyx Greige ဆိုတဲ့ အရောင် ဒါမှမဟုတ် မီးခိုးရောင် စတီး ပုံစံကိုမှ Marble Trim တွေ ‌တွဲဖက်ပေးထားတာမျိုး စသဖြင့်ပုံစံ ၂ မျိုး ရရှိမှာပါ။ ဒါ့အပြင် ကြမ်းခင်း တွေ အတွက်ကိုလည်း Herringbone နဲ့ Plank Hardwood ဆိုတဲ့ ပုံစံလေးတွေ ရမှာဖြစ်ပြီး လေယာဉ်မှူးတွေ ထိုင်ဖို့ အတွက် ခုံတွေမှာလည်း ထိုင်ရတာ သက်တောင့်သက်သာ ရှိ အောင် Legroom ကို ၃ လက်မ လောက် ပိုထည့်ပေးထား ပါသေးတယ်။ အခု လေယာဉ်မှာတော့ GE Honda HF 120 ဆိုတဲ့ ဂျက်အင်ဂျင်ကိုပဲ အတူတူသုံးထားပြီး အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီ ကို ၄၈၆ မိုင် အထိ ရှိနိုင်ပါတယ်။ မနှစ်ကတော့ Honda ကတော့ ပိုကောင်းတဲ့ Range နဲ့ HondaJet 2600 Concept ယာဉ် တစ်မျိုးကို ချပြခဲ့ဖူးပြီး အဆိုပါ လေယာဉ်မှာ ဆိုရင်တော့ စွမ်းအင်တစ်ခါ ဖြည့်တင်းထားရင် လေမိုင် ၂,၆၂၅ မိုင် လောက် အထိကို မောင်းနိုင်မှာပါ။ ဒီပမာဏ အတိုင်းသာ တကယ်ဆိုရင်တော့ အမေရိကန်တစ်နိုင်ငံလုံးကို မရပ်မနားပတ်သွားနိုင်တဲ့ အထိ စွမ်းဆောင်နိုင်မှာဖြစ်ပြီး Concept ယာဉ်ရဲ့ အမြင့်ဆုံး မြန်နှုန်းက လည်း တစ်နာရီကို ၅၁၈ မိုင် အထိကို ရှိနေတာကြောင့် ဘယ်အချိန်လောက်မှာ ထုတ်လုပ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com