လျှပ်စစ် ကား လောကထဲ ဝင်ရောက်လာတာ နောက်ကျကောင်း နောက်ကျနိုင်ပေမယ့် Honda တို့ ကတော့ ပိုကောင်းတဲ့ စီမံကိန်း တစ်ချို့ရှိလို့ နေပါတယ်။ လာမယ့် ၂၀၃၀ မှာ လျှပ်စစ် ကားအမျိုးအစားသစ် ၃၀ အထိ ထုတ်လုပ် မယ် လို့လည်း ကုမ္ပဏီဘက်က တရားဝင်ကြေညာထားပြီး အဆိုပါ အစီး ၃၀ ထဲမှာတော့ လျှပ်စစ် Sports ကားသစ် ၂ မျိုး အထိလည်း ပါဝင် လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ လျှပ်စစ် Sports ကား ၂ စီး ရဲ့ ပုံရိပ်တွေကို အခု ချိန်ထိ လုံးဝ ဖုံးကွယ်ထားနိုင်ဆဲ ဖြစ်ပြီး သိသာထင်ရှားတဲ့ အစိတ်အပိုင်းတွေ ကနေ ခန့်မှန်း ကြည့်ရမယ် ဆိုရင်တော့ လက်ရှိ မျိုးဆက် Acura NSX တို့လို ကားတွေဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့်လည်း အခု ပြောပြနေတဲ့ Mid-Engine Supercar ကတော့ သိပ်ကြာကြာ သက်တမ်း ရှိတော့မှာ မဟုတ်ပဲ Type S ဆိုရင်လည်း လက်ရှိ မျိုးဆက်အတွက်ကို Limited Edition အနေနဲ့ပဲ ရရှိ တော့တာပါ။ ဒါကြောင့် အခု သတင်းတွေ ထွက်နေတဲ့ လျှပ်စစ် Sports ကားသစ် ၂ စီး ဆိုတာကတော့ အခု NSX တွေ နေရာမှာ တိုက်ရိုက် အစားထိုးတော့မှာလား ဆိုပြီး စဉ်းစားချင်စရာ ကောင်းနေပါတယ်။

Photo Credit: CARBUZZ

NSX ရဲ့ လျှပ်စစ် ကားမျိုးဆက်အဖြစ် တရားသေ သတ်မှတ်ထားလို့ မရသေးပေမယ့်လည်း အခု ဖုံးအုပ်ထား ဆဲ ကားပုံရိပ် တစ်ချို့ရဲ့ ဘေးဘက်က နေကြည့်တာနဲ့တင် NSX လို အရသာမျိုးကို ပေးစွမ်းနိုင်နေပါတယ်။ ဒါ့အပြင် နောက်ထပ် ဖြစ်နိုင်ချေတွေ အနေနဲ့ လျှပ်စစ် စွမ်းအင်သုံး S 2000 နေရာ တိုက်ရိုက် အစားထိုးလာ တာ ဒါမှမဟုတ် Acura နာမည် အောက်ကနေ High-End GT ကား တစ်စီးအဖြစ် ထပ်ထွက်လာတာ မျိုး တွေကိုလည်း ထည့်တွက်လို့ ရပါတယ်။ အခု ကားသစ်တွေနဲ့ ပတ်သက်လို့ အများကြီး မပြောထားသေးဘူး ဆိုပေမယ့် Honda ရဲ့ Sports ကား အစဉ် အဆက် အရသာတွေကို ဆက်လက်ပြီး မြင်တွေ့လာရမယ့် Flagship Model တွေ ဖြစ်လာလိမ့်မယ်လို့တော့ အတည်ပြုပေးထားပါတယ်။ ဒါပေမယ့် မြောက်အမေရိက ကား ဈေးကွက်အတွက် ဆိုရင်တော့ Honda တို့ အနေနဲ့ အခု Sports  ကား ၂ စီး တင်မကပဲ လာမယ့် ၂၀၂၄ အမှီ အရွယ်အစား အလယ်အလတ်ကနေ ခပ်ကြီးကြီး အထိ ရှိမယ့် လျှပ်စစ် ကား ၂ စီး အထိကို မိတ် ဆက် ပေးသွားဖို့ ရှိနေပါတယ်။ အဆိုပါ ကားတွေကိုတော့ General Motors နဲ့ ပူးပေါင်း ထုတ်လုပ်မှာဖြစ် ပြီး Prologue SUV၊ လျှပ်စစ် သီးသန့် Acura SUV တို့လည်း ဖြစ်လာဖို့ ရှိနေပါတယ်။ ဂျပန် ပြည်တွင်း ဈေးကွက် ထဲမှာ ဆိုရင်တော့ စီးပွားရေးအရ ပိုပြီး တွက်ချေ ကိုက်စေမယ့် ဈေးသက်သာ လုပ်ငန်းသုံး Compact လျှပ်စစ် ကားတွေကို အရင်ဆုံး ထုတ်‌လုပ်ပေးဖို့ ရှိ‌ပြီးအိမ်စီး လျှပ်စစ်ကားတွေကတော့ နောက်က နေ ဆက်လိုက် လာနိုင်ပါတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက် ဖြစ်လာနေတဲ့ တရုတ်အဖို့ Honda ရဲ့ လျှပ်စစ် ကားသစ် တွေကို အများဆုံး ရလာဖို့ ရှိနေပြီး လာမယ့် ၂၀၂၇ အမှီ လျှပ်စစ်ကားသစ် ၁၀ မျိုး အထိ ရလာနိုင်ပါတယ်။ အတိအကျ မသိ ရသေးပေမယ့်လည်း လာမယ့် ၂၀၂၆ အရောက် မှာတော့ Honda e: Architecture ဆိုတဲ့ လျှပ်စစ်ကား Platform အသစ် တစ်ခုကို ချပြဖို့ စီစဉ်ထားပြီး Hardware ပိုင်းအပြင် Software နဲ့ ပါ ပေါင်းစပ်ထားမယ့် ကိုယ်ပိုင် လျှပ်စစ် ကား Platform အသစ် ဖြစ်လာမှာပါ။ GM နဲ့ ပူးပေါင်းပြီး တော့လည်း လာမယ့် ၂၀၂၇ အရောက်မှာ ‌ဈေးသက်သာတဲ့ လျှပ်စစ် ကား အများအပြား ထုတ်လုပ်ပေးဖို့ ရှိနေသေးပြီး လက်ရှိ ဓာတ်ဆီကားတွေ ရဲ့ ဈေးနှုန်း အတိုင်းကို ရလာဖို့ ကြိုးစား ပေးလာနိုင်ကာ မြောက်အမေရိက ကား ဈေးကွက်ကနေ စတင် လာနိုင်ပါတယ်။ ဒါ့အပြင် တရုတ်မှာပါ ကုမ္ပဏီ ရဲ့ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံ တွေ တိုးချဲ့လာနိုင်တာ ဖြစ်ပြီး မျှော်မှန်းထားတဲ့ အတိုင်းတွေသာ ဆိုရင် တော့ Honda တို့က တစ်နှစ်ကို တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ကား အစီးရေ ၂ သန်း လောက်အထိ ထုတ်လုပ် ပေးလာ နိုင်မှာပါ။ လျှပ်စစ် ကားခေတ်ကြီး ဆီကို အရာရာ ဦးတည်လာကြတဲ့ ကုမ္ပဏီတွေကြားထဲ အခုလိုမျိုး လျှပ်စစ် စွမ်းအင် သုံး Sports ကားတွေအတွက် အာမခံပေးထားနိုင်တဲ့ Honda လို ကုမ္ပဏီမျိုး ရှိနေသေးတာတော့ တကယ် ဝမ်းသာရမှာ ဖြစ်ပြီး Electric NSX ကား အနေနဲ့ မြင်တွေ့ရဖို့တော့ အမှန် တကယ်မျှော်လင့်မိတာပဲ ဖြစ်ပါ တယ်။

Ref: carbuzz.com