Honda အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ကားလုံခြုံရေး စနစ်တွေ ဖြစ်တဲ့ Sensing 360 နဲ့ Sensing Elite စနစ်တွေကို လာမယ့်နှစ်တွေမှာ ပိုမို အဆင့်မြှင့်တင်ပြီး ကားသစ်တွေမှာ ပိုသုံးလာနိုင်ဖို့ စီစဉ်နေပါတယ်။ အထူးသဖြင့် အမေရိက ကား ဈေးကွက်ထဲမှာ ရောင်းချသွားမယ့် Honda ကားသစ်တွေ အကုန်လုံးမှာ အခုစနစ်တွေကို လာမယ့် ၂၀၃၀ အရောက်တင် တစ်ပါတည်း ထည့်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ Honda ကားတွေထဲက နာမည် ကြီး Acura Model မှာ ဆိုရင်လည်း ကိုယ့်ပိုင် Driver-Assistance System အသစ် ဖြစ်တဲ့ AcuraWatch စနစ်ကိုပါ ရရှိလာဦးမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

မျိုးဆက်သစ် Sensing 360 စနစ်ကိုတော့ လာမယ့် ၂၀၂၄ ကစလို့ တရုတ်ဈေးကွက်ထဲ စတင်ချပြလာတော့မှာ ဖြစ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်ရဲ့ပတ်ပတ်လည်တို့မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ တွေ့‌တာနဲ့ ထောက် လှမ်း ပေးနိုင်မယ့်စနစ်လည်း ဖြစ်ပါတယ်။ ဒီစနစ်သစ်ကတော့ ကားတွေရော ဆိုင်ကယ်တွေ အတွက်ပါ ရည်မှန်းထားတဲ့ Zero Traffic Collision ယာဉ်တိုက်မှု မရှိစေရ နည်းပညာရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါ တယ်။ အဆိုပါ နည်းပညာသစ် ကိုတော့ လာမယ့် ၂၀၅၀ အရောက်မှာတင် ကာဗွန်ကင်းစင်တဲ့ ကုမ္ပဏီဆိုတဲ့ ရည်မှန်းချက်နဲ့အတူ တစ်ပါတည်း အကောင်အထည် ဖော်ဖို့ ရှိနေတာပါ။ ဒါကြောင့်လည်း အခု ဆယ်စုနှစ် အကုန် ၂၀၃၀ လောက်မှာတင် Honda Sensing Elite ဆိုတဲ့ စနစ်ကို အများစုသုံးပေးနိုင်အောင် ပြင်ဆင်နေတာဖြစ်ကာ Flagship ကားတွေကနေ စတင်လာ နိုင်ပါတယ်။ နောက်ထပ် နည်းပညာသစ် တွေကိုလည်း ဆက်လက် ဖန်တီးနေဆဲဖြစ်ပြီး ဥပမာအားဖြင့် လမ်းကြောကြပ်နေတဲ့ တစ်လျှောက် မှာတောင် အလိုအလျောက် မောင်းပေးနိုင်မယ့် စနစ် ၊ အဝေးပြေးလမ်းတွေ မှာ ပိုပြီး တိကျလာမယ့် မောင်းသူမဲ့စနစ်တို့ အပြင် ၊ အလိုအလျောက် ဘရိတ်နဲ့ ဂိုဒေါင်ထဲက အထွက်မှာ အလိုလို တွက်ဆ အလုပ်လုပ်ပေးနိုင်တာတွေ စသဖြင့် စုံလင်လာမှာပါ။

Photo Credit: motor 1.com

Honda ကတော့ သူတို့ရဲ့ Sensing စနစ် ကို ၂၀၁၄ ကတည်းက 2015 CR-V Model နဲ့ အစပြုခဲ့တာ ဖြစ်ပြီး Acura ကားကတော့ 2015 Acura TLX Model ကနေ စတင်ရရှိလာတာ ဖြစ်ပါတယ်။ Honda Sensing နဲ့ AcuraWatch စနစ် ၂ ခုကို ပေါင်းပြီး အလုပ်လုပ်ခဲ့ ကတည်းက နောက်ထပ် ကားမော်ဒယ် ၂ မျိုးဆီကိုပါ ထပ်မံ ဖြန့်ချီပေးနိုင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ အမေရိက ဈေးကွက်တစ်ခုတည်းတင်ကိုပဲ Honda နဲ့ Acura ကားပေါင်း အစီးရေ ၇ သန်း လောက်မှာ ဒီ စနစ်တွေကို အသုံးပြုနိုင်နေပါပြီ။ အခုတစ်ခေါက် Honda Sensing စနစ်သစ်မှာ တော့ သာမန် တိုးတက်မှုတွေ ကိုတင် ထည့်သွင်းလာတာ မဟုတ်ပဲ AI ဉာဏ်ရည်တု နည်းပညာကိုပါ အသုံးပြုလာ ခဲ့တာ တွေ့ရပါတယ်။ အဓိက ကတော့ လူသားတစ်ဦးလိုမျိုး ခက်ခဲရှုပ်ထွေးတဲ့ လမ်းကြောအခြေအနေတွေနဲ့ အခြား အနေအထား တွေမှာပါ ကောင်းကောင်း ဆုံးဖြတ်ပေး နိုင်ဖို့ပဲ ‌ဖြစ်ပါတယ်။ မျိုးဆက်သစ် Honda Sensing Elite ဆိုတဲ့ နည်းပညာသစ်ကတော့ ဒီထက်ပိုမြင့်တဲ့ Flagship အဆင့် ကားလုံခြုံရေးစနစ်ဖြစ်ပြီး အသေးစိတ်ကို မကြေညာသေးတာကြောင့် ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

Ref: motor 1.com