အနာဂတ်မှာ ဟိုက်ဒရိုဂျင် Fuel Cell စွမ်းအင်အတွက် နေရာကောင်းကောင်း ရှိတယ်ဆိုတာကို Honda တို့က အသေအချာ ယုံကြည်ထားတာဖြစ်ပါတယ်။ အခုဆိုရင်လည်း အဆိုပါ အနာဂတ်အတွက် CR-V ကားကို အခြေတည်ကာ ဖန်တီးမယ့် Fuel Cell ဟိုက်ဒရိုဂျင် ကားကို လာမယ့် ၂၀၂၄ မှာတင် မြောက် အမေရိကနဲ့ ဂျပန် ကားဈေးကွက်တွေထဲ မိတ်ဆက် ပေးလာလိမ့်မယ်လို့ အတည်ပြုပေးခဲ့ပါပြီ။ အဆိုပါ ကားမှာ သုံးလာမယ့် ဟိုက်ဒရိုဂျင် Fuel Cell စနစ်ကို တော့ General Motors ကုမ္ပဏီ ပူးပေါင်းထားတာ ဖြစ်ပါတယ်။ Honda ရဲ့ အဆိုအရတော့ 2019 Honda Clarity Fuel Cell ကားတုန်းကထက် အခုကားသစ်က ထုတ်လုပ်မှု ကုန်ကျစရိတ် ၃ ပုံ တစ်ပုံအထိ သက်သာသလို အကြမ်းခံ နိုင်စွမ်းကိုလည်း နှစ်ဆလောက် ပိုမြှင့်တင် ပေးနိုင်လိမ့်မယ်လို့ သိရ ပါတယ်။ အဆိုပါ ကားအတွက်ကတော့ ဟိုက်ဒရိုဂျင်တင်မကပဲ Plug-In လျှပ်စစ်စွမ်းအင် ကိုလည်း ပေါင်းစပ် ထည့်ပေးထားမှာပါ။ ဒါကြောင့် ကားပိုင်ရှင် တွေ အနေနဲ့ အိမ်မှာလည်း လျှပ်စစ်အားသွင်း နိုင်တာ‌ကြောင့် လောလောဆယ် ဟိုက်ဒရိုဂျင် စွမ်းအင် ဖြည့်တင်းနိုင်ဖို့ နေရာ အကန့်အသတ် ရှိနေသေးတဲ့ ပြဿနာကိုပါ ဖြေရှင်းပေးရာ ရောက်ပါတယ်။

Photo Credit: motor 1.com

ဒီကား အပြီးမှာလည်း ဟိုက်ဒရိုဂျင် နည်းပညာကို ဆက်လက် တိုးတက်အောင် ဆောင်ရွက်သွားဦးမှာဖြစ်ပြီး လာမယ့် ၂၀၃၀ အရောက်မှာ GM နဲ့ ပူးပေါင်း လာမယ့် အဆိုပါ နည်းပညာဟာ ကုန်ကျစရိတ် တစ်ဝက်လောက် သက်သာနိုင်ပြီး အကြမ်းခံနိုင်စွမ်းလည်း ၂ ဆ လောက် ပိုကောင်းလာလိမ့်ဦးမယ်လို့ Honda တို့က ယုံကြည်နေပါတယ်။ တစ်ယူနစ် အပေါ်က ဈေးကလည်း ဒီဇယ် အင်ဂျင်နဲ့ အတော်လေး တူညီသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟိုက်ဒရိုဂျင် Fuel Cell ကားတွေ ရဲ့ အနာဂတ်က မရေမရာ ‌အနေအထားပဲ ရှိနေသေးတာပါ။ ဂျပန် ဈေးကွက်ထဲမှာတော့ Honda က Isuzu နဲ့ ပေါင်းစပ် ပြီး ဟိုက်ဒရိုဂျင်သုံး Heavy-Duty Truck ကားအဖြစ် ပုံဖော်နေခဲ့ကာ လာမယ့် ၂၀၂၄ ပထမ ၃ လပတ် လောက်မှာတင် ချပြလာနိုင်ပါတယ်။ ဒါ့အပြင် တရုတ် ဈေးကွက် ထဲမှာလည်း Dongfeng နဲ့ ပူးပေါင်းပြီး စမ်းသပ် ဖန်တီးနေတာတွေ ရှိပါသေးတယ်။

Photo Credit: motor 1.com

ဒါ့အပြင် ဟိုက်ဒရိုဂျင် နည်းပညာကို သာမန်ကားတွေ အတွက်တင်မကပဲ ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်တွေ အထူးသဖြင့် မြေတူးစက်တွေ Wheel Loaders တွေမှာ စတင် သုံးပေးလာဖို့ ရှိပါတယ်။ Honda အနေနဲ့ကတော့ Fuel Cell နည်းပညာကို ဒီ အဆင့်တွေမှာတင် မကျေနပ်နိုင်သေးပဲ ဂျပန် အာကာသ အေဂျင်စီ အတွက်ပါ ပံ့ပိုးပြီး အာကာသ ထဲ အထိကို ယူဆောင်သွားချင်ပုံ ရပါတယ်။ အဓိက ကတော့ ဆိုလာစွမ်းအင်ကို ရေအဖြစ် ပြောင်းကာ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင် တို့အဖြစ် လိုသလို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Fuel Cell တွေကလည်း လျှပ်စစ်စနစ်ကို ပြန်လည် ထုတ် လုပ်ပေးနိုင်ဦးမှာ ဖြစ်လို့ Circulative Renewable Energy စနစ်လို့ အမည်ပေးထား ပါတယ်။ Honda ရဲ့ အနာဂတ် အဓိက ရည်မှန်းချက်ကြီးကတော့ လာမယ့် ၂၀၅၀ အရောက်မှာ သူတို့ ရဲ့ ထုတ်ကုန်တွေနဲ့ ပူးတွဲ လုပ်ဆောင်မှု မှန်သမျှကို ကာဗွန်ကင်းစင်စေဖို့ပဲ ဖြစ်ပါတယ်။

Ref: motor 1.com