Honda ကတော့ တရုတ် လူငယ်ဈေးကွက် အတွက် အဓိကရည်ရွယ်ထားတဲ့ လျှပ်စစ်ဆိုင်ကယ် အမျိုးအစားအသစ် လေးတွေကို မိတ်ဆက် ချပြခဲ့ပါတယ်။ Club e ၊ DAX e နဲ့ ZOOMER e ဆိုတဲ့ အဆိုပါ ဆိုင်ကယ် မော်ဒယ်သစ် ၃ မျိုး ဟာ ဟိုးယခင် Honda ရဲ့ ခေတ်ဟောင်း Mopeds လေးတွေ အရသာအတိုင်းပါပဲ။ ဒါကြောင့် စွမ်းဆောင်ရည် ပိုင်းကလည်း သာမန်လေးပဲဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းကိုမှ တစ်နာရီ ကို ၁၆ မိုင် နှုန်းအောက်လောက်ပဲရှိပြီး တရုတ် ဈေးကွက်ထဲ လျှပ်စစ်ဆိုင်ကယ် ဆိုတာထက် လျှပ်စစ်စက်ဘီး အဆင့်လောက်ပဲလို့တောင် ဆိုရမှာပါ။

Photo Credit: AllAutoExperts

ပထမဆုံးအမျိုးအစားကတော့ Honda Club e ဖြစ်ပြီး မူလခေတ်ဟောင်း ပုံစံလေးနဲ့ကို ဒီဇိုင်းဆင်တူပဲဖြစ်ပြီး ပိုလို့တောင် ခေတ်မှီတဲ့ အရသာလေးကိုလည်း ပေးနိုင်ပါသေးတယ်။ အထူးသဖြင့် ပုံတွေထဲမှာ မြင်ရမယ့် အတိုင်း ၂ ရောင်စပ် ခပ်ဖျော့ဖျော့ ခရင်မ်လေးတွေက လူငယ်ဆန်စေတာဖြစ်ပြီး အဖြူရောင် ၊ အနက်ရောင် Six-Spoke ဘီးတွေ နဲ့ Headlight သေးသေးလေး အပြင်အနက်ရောင် ထိုင်ခုံလေးက လည်း အတော်လေးကို  ဆွဲဆောင်မှု ရှိနေစေပါတယ်။ ဒုတိယမြောက် အမျိုးအစားကတော့ Honda Dax e ဖြစ်ပြီး Combustion Engine စသုံးခဲ့တဲ့ သူ့ယခင် ခေတ်ဟောင်း မျိုးဆက် ဆိုင်ကယ်လေးနဲ့ အတော် ကိုပုံစံ တူပြန်ပါတယ်။ ဒါပေမယ့်လည်း ပုံစံကလွဲလို့ အခြားသောအပိုင်းတွေမှာ ပိုကောင်းတဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပေါင်းစပ်ထားပြီး ပြောစရာ ဖြစ်လောက်အောင် လှနေမှာကတော့ အနက်ရောင် နောက်ခံပေါ်က အနီရောင် အပြင်အဆင်လေးတွေပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

နောက်ဆုံးသော မော်ဒယ်ကတော့ Honda ZOOMER e ဆိုတဲ့ ဆိုင်ကယ်လေးဖြစ်ပြီး အနက်ရောင် ဘီးသေးသေး လေးတွေနဲ့ ကျစ်ကျစ်လစ်လစ် ရှိတဲ့ တာယာပုံလေးတွေက သိသာစေပါတယ်။ ဒါ့အပြင် အနက် ရောင် လက်ကိုင်တွေ နဲ့ အနက်ရောင် ကိုယ်ထည် Frame တွေကလည်း တစ်မျိုး ဆွဲဆောင်မှု ရှိနေပြန်တာပါ။ အဆိုပါ ဆိုင်ကယ်လေး ၃ မျိုး ထဲမှာမှ ဒီ တစ်မျိုးကတော့ ခေတ်ဆန်ဆန် အလန်းဆုံး ပုံစံတစ်မျိုးလို့ ကို ဆိုလို့ရတာ ဖြစ်ပါတယ်။ အဆိုပါ ဆိုင်ကယ် လေးတွေလိုမျိုးပဲ‌ နောက်ထပ် လျှပ်စစ်ဆိုင်ကယ် မျိုးကွဲပေါင်း ၁၀ မျိုး‌ ကျော်လောက်ကို ကမ္ဘာ့ ဈေးကွက်ထဲ လာမယ့် ၂၀၂၅ လောက်မှာ အရောက် ပို့ပေးနိုင်မယ် လို့ Honda က ယုံကြည်ထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts