ကမ္ဘာပေါ်က အကြီးဆုံး တရုတ် ကားဈေးကွက် အတွင်းမှာတော့ Honda ကနေ လျှပ်စစ်ကား Lineup ကို ဆက်တိုက် တိုးချဲ့လာ နေပါတယ်။ အခုနှစ်လောက်မှာတော့ e:N Concept ကားတွေကို အများအပြား ချပြလာတာဖြစ်ပြီး တရုတ် ဈေးကွက် အတွင်းက Honda ရဲ့ လျှပ်စစ်ကား အနာဂတ်တွေကို ကြိုတင်မြင်နေရသလိုပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အခုနှစ် အစောပိုင်း လောက်ကတည်းက Honda ကနေ e:NS1 နဲ့ e:NP1 ဆိုတဲ့ လျှပ်စစ် SUV ကားတွေကို ရောင်းချထားပြီး ဖြစ်ပါတယ်။ အခု မြင်တွေ့ထားရတဲ့ e:N 2 Concept ကတော့ တရုတ်ဈေးကွက် အတွင်းမှာပဲ Dongfeng Honda နဲ့ GAC Honda တို့ ပူးပေါင်း ပြီး သီးသန့် ရောင်းချနေတဲ့ e:N Models တွေထဲက ဒုတိယမြောက် ကားသစ် ဖြစ်လာမှာပါ။ လက်ရှိမှာတော့ အဆိုပါ Concept ကားကို တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့ဆီက တရုတ်နိုင်ငံတကာ ထုတ်ကုန်ပြပွဲကြီးမှာ ပြသထားပါတယ်။
လက်ရှိ မြင်ရတဲ့ Concept ကတော့ e:N GT Concept ဆီက ယူဆောင်ထားတာဖြစ်ပြီး Sports ဆန်ဆန် ခပ်ကြွားကြွား ဒီဇိုင်း၊ တိကျပြတ်သားတဲ့ လိုင်းအပြင်အဆင်တွေ၊ အနာဂတ်ဆန်တဲ့ မီးလင်းရောင်တွေအပြင် အနက်ရောင် Metallic အရောင်တွေနဲ့ လှပနေတာ ဖြစ်ပါတယ်။ လက်ရှိ မြင်ရတဲ့ ပုံရိပ်တွေမှာ သိပ်ပြီး မတိကျသေးပေမယ့် တံခါး ၄ ပေါက် ပါဝင်နိုင်ပြီး ကားကိုယ်ထည်ကတော့ လက်ရှိ Honda ကားတွေထဲ လုံးဝ မရှိဖူးသေးတဲ့ အသွင်ဖြစ်လာဖို့ များပါတယ်။ တရုတ်ပြည်တွင်း ကားဈေးကွက်ကလာတဲ့ သတင်းတွေအရတော့ အခု Concept ကားအသစ်ဟာ SUV အမျိုးအစား ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။ Honda ကတော့ အတွင်းခန်းပိုင်း ပုံရိပ်တွေ မချပြထားသေးပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ Digital Cockpit Design နဲ့ ခရီးသည်တွေအတွက် ပိုပြီး အဆင်ပြေစေမယ့် Honda Connect စနစ်တို့ကို ထည့်ပေးထားမယ်လို့ သိရပါ တယ်။ ဒါ့အပြင် ကားအတွင်းခန်း Cabin ပိုင်းမှာလည်း မီးအလင်းရောင် အလန်းစားတွေ နဲ့ အပြင်အဆင် လေးတွေကို ခေတ်ရှေ့ပြေး မြင်ရမှာပါ။
အဆိုပါ Concept ကားကိုတော့ e:N Series ကားတွေ အကုန်လုံးအတွက် သီးသန့်ဖန်တီးထားတဲ့ e:N Architecture Platform ပေါ်မှာပဲ အခြေခံ ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဆိုပါ Platform ရဲ့ အဓိက အားသာ ချက်ကတော့ ကားမောင်းနှင်ရတဲ့ အရသာ ပိုကောင်းဖို့ အားစိုက်ထားပြီး၊ ယာဉ်တည်ငြိမ်ဖို့နဲ့ အထိန်းအကြောင်း ပိုကောင်းဖို့တွေ ကိုလည်း Honda က ပိုအားစိုက်ထားတာပါ။ Honda ကတော့ လာမယ့် ၂၀၂၇ ခုနှစ်မတိုင်ခင် တရုတ်ဈေးကွက် အတွင်းမှာ အဆိုပါ e:N Model ပေါင်း ၁၀ စီး အထိကို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လာမယ့် ၂၀၃၀ နှောင်းပိုင်းမှာ တော့ တရုတ် ဈေးကွက်ထဲက Honda ကားတွေ အားလုံးမှာ Hybrid ဒါမှမဟုတ် လျှပ်စစ်ကားသီးသန့်တွေ ချည်းပဲ ဖြစ်လာမှာဖြစ်ပြီး ၂၀၄၀ နှောင်းပိုင်းမှာ ဆိုရင်တော့ လျှပ်စစ်သီးသန့်ပဲ ဖြစ်လာတော့မှာပါ။
Ref: motor 1.com