ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လျှပ်စစ်နည်းပညာအပိုင်းမှာ အောင်မြင်လာတဲ့ ကုမ္ပဏီတွေထဲ Honda လည်း အပါ အဝင် ဖြစ်ပါတယ်။ ဥရောပနဲ့ ဂျပန် လျှပ်စစ်ကားဈေးကွက်တွေထဲမှာ တဖြည်းဖြည်း ရှေ့ရောက် လာရုံတင်မကပဲ ပိုပြီးတော့ အမျှော်အမြင်ကြီးလာတဲ့ လျှပ်စစ်ဆိုင်ကယ်လို အပိုင်းတွေကိုပါ ခြေလှမ်းလာနေပြီပဲ ဖြစ်ပါတယ်။ အခု ဆိုရင် တော့လာမယ့် ၂၀၄၀ အရောက်မှာ ကာဗွန်ထုတ်လုပ်မှု လုံးဝမရှ်ိမယ့် ထုတ် ကုန်တွေအတွက် စီမံကိန်းတွေကို ချပြလာခဲ့ရာမှာ လျှပ်စစ်ဆိုင်ကယ်တွေနဲ့ စကူတာတွေလည်း စတင်ပါဝင်လာခဲ့ပါပြီ။ အဆိုပါရည်မှန်းချက်တွေ ပြည့်ဖို့ အတွက် လာမယ့် ၂၀၂၅ အရောက်မှာ Honda ဟာ လျှပ်စစ် ဆိုင်ကယ်ပေါင်း အမျိုးအစားသစ် ၁၀ မျိုး အထိထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ လျှပ်စစ် ဆိုင်ကယ်တွေကိုမှ Commuter EV ၊ Commuter EM(Electric Mopeds) ၊ EB (Electric Bicycle) တွေနဲ့ နောက်ဆုံး Fun EV ဆိုတဲ့ ပေါ့ပေါ့ပါးပါး ယာဉ်လေးတွေဆိုပြီး အမျိုးအစားတွေ ခွဲထားလိုက်ပါသေးတယ်။

Photo Credit: RideApart

ပထမဆုံး Commuter EV ဆိုင်ကယ်တွေကတော့ စီးပွားရေးလုပ်ငန်းသုံးတွေ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ လောလောဆယ်ကိုပဲ ဂျပန် စာတိုက်နဲ့ ဗီယက်နမ် စာတိုက်လုပ်ငန်းတွေမှာ သုံးဖို့အတွက် Honda:eယာဉ်လေးတွေ ကို စတင်ပြင်ဆင်နေပြီ ဖြစ်ပြီး အခုနှစ်ကုန်ပိုင်းမှာတင် ထိုင်းအထိ ချဲ့ထွင်ဖို့လည်း ရည်ရွယ် ထားပါတယ်။ နောက်ထပ် ထွက်လာမယ့် မော်ဒယ်တစ်မျိုးကတော့ ဘက်ထရီလဲလို့ရတဲ့ Honda Mobile Power Pack ‌ယာဉ်လေးတွေဖြစ်ပြီး အခြေခံ အဆောက်အဦပိုင်း လိုအပ်ချက်တွေနဲ့ အခြားသော ဘက်ထရီနည်းပညာတွေ အတွက်ပါ အဆင် ပြေနိုင်ပါတယ်။ အဆိုပါ ဆိုင်ကယ်လေးတွေကိုတော့ အာရှ ၊ ဥရောပ နဲ့ ဂျပန်ဈေးကွက်တွေထဲအထိ အရင်ဆုံး ဖြန့်ချီမှာဖြစ်ကာ နောက်ပိုင်း မော်ဒယ် ၂ မျိုး လောက်အထိတော့ ဥရောပဈေးကွက်အထိ ဝင်ဖို့ရှိပါတယ်။

Photo Credit: RideApart

တကယ်တမ်း Honda တို့ ကြီးကြီးမားမား ရည်ရွယ်ထားတာကတော့ ကမ္ဘာ့ဆိုင်ကယ် လောကရဲ့ ၉၀% လောက်ရှိပြီး တရုတ် မှာလည်း အတော်လေး အသုံးများတဲ့ Commuter EM/EB ဈေးကွက်ပါပဲ။ အဆိုပါ ဈေးကွက်အတွက်လည်း အာရှ ၊ ဥရောပ နဲ့ ဂျပန် တို့ဆီ လာမယ့် ၂၀၂၄ က စလို့ ဈေးသက်သာတဲ့ မော်ဒယ် ၅ မျိုးအထိ ထုတ်ပေးဖို့ စီစဉ် နေပါတယ်။ ဒါ့အပြင် တစ်နာရီ ၃၁ မိုင် လောက်ပဲ မောင်းနိုင်မယ့် အပျော်စီး Fun EV အမျိုးအစား တစ်ရပ်ကိုလည်း ၃ မျိုးအထိ ထုတ်လုပ်ကာ လူငယ်လေးတွေအတွက် ရည်ရွယ်လာပါတယ်။ Teaser တွေအရတော့ Full-Sized ဆိုင်ကယ်လေးတွေ ဖြစ်လာနိုင်ပေမယ့် အမေရိက ၊ ဥရောပ နဲ့ ဂျပန် ဈေးကွက်တွေ အတွက်ကတော့ လာမယ့် ၂၀၂၄-၂၀၂၅ လောက်အထိ စောင့်ရနိုင်ပါသေးတယ်။ အရေအတွက်များများ ထုတ်နိုင်ဖို့အတွက် ဘက်ထရီနည်းပညာတွေ ၊ လဲလှယ်နိုင်မယ့် ဘက်ထရီစနစ်တွေအပြင် သုံးလို့အဆင်ပြေစေမယ့် Software UI တွေကိုလည်း ဖန်တီးရမှာဖြစ်ပြီး ဒါတွေ အားလုံးကိုသာ အောင်မြင်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် လာမယ့် ၂၀၂၆ မှာ အစီးရေ ၁ သန်း ၊ ၂၀၃၀ အရောက် မှာ အစီးရေ ၃.၅ သန်း လောက် အထိ ရောင်းချ ရနိုင်မယ်လို့ ရည်မှန်းထားပါတယ်။

Ref: RdieApart