နာမည်ကျော် ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Honda နဲ့ LG တို့ ကတော့ ဒေါ်လာ ၄.၄ ဘီလီယံ တန် လျှပ်စစ်ကား ဘက်ထရီ ထုတ်လုပ်ရေး က်ရုံကို အမေရိကမှာ တည်ထောင်သွားဖို့ အတွက် ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။ ဘယ်နေရာမှာ စက်ရုံ ဆောက်လုပ် ဖြစ်မယ်ဆိုတာ မကြေညာသေးပေမယ့်လည်း လာမယ့် ၂၀၂၃ အစောပိုင်းမှာတင်ပဲ စီမံကိန်း စတင်လာ နိုင်ပါတယ်။ စက်ရုံ ကနေ ဘက်ထရီ အသစ်တွေကိုတော့ ၂၀၂၅ က စလို့ ထုတ်လုပ်မှာ ဖြစ်ပြီး တစ်နှစ်ကို 40 Gigawatt-Hours ပမာဏ အထိ ထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဆိုပါ စက်ရုံကနေ မြောက်အမေရိက အတွက် ရောင်းချနေတဲ့ Honda နဲ့ Acura တံဆိပ် လျှပ်စစ်ကား တွေအတွက် သုံးနေတဲ့ Pouch-Type Lithium-Ion Battery တွေကို အဓိက ထုတ်လုပ်သွားမှာပါ။ Honda ကတော့ သူတို့ရဲ့ လျှပ်စစ်ကား အနာဂတ်အတွက် ရည်မှန်းချက် ကြီးကြီးမားမား ရှိနေတာဖြစ်ပြီး လာမယ့် ၂၀၂၄ မှာလည်း Honda Prologue နဲ့ Acura ZDX အသစ်တို့ကို ချပြလာမှာ ဖြစ်ပါတယ်။ အဆိုပါ ကား ၂ မျိုး လုံးကတော့ GM ရဲ့ Ultium Platform ပေါ်မှာ အခြေခံ ဖန်တီးထားမှာ ဖြစ်ကာ သတင်းတွေ အရတော့ အဆိုပါ ကားတွေကို GM က ထုတ်လုပ်ပေးမယ် လို့လည်း သိထားရပါတယ်။

Photo Credit: motor 1.com

Honda ရဲ့ လျှပ်စစ်ကား အနာဂတ် နောက်တစ်ဆင့်ကတော့ ၂၀၂၆ အရောက်မှာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် e: Architecture Platform ကို ဈေးကွက်ထဲ ဖြန့်ချီသွားမှာပါ။ Honda နဲ့ Acura ထုတ်ကုန်တွေ အကုန်လုံးမှာ နောက်ပိုင်း အဆိုပါ Platform အသစ်ကိုပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်း အသေးစိတ် အချက်အလက်တွေ သိလာရမယ် ဆိုရင်တော့ အဆိုပါ ကားတွေမှာ အခု LG နဲ့ ပူးပေါင်းထုတ်လုပ်ထားမယ့် ဘက်ထရီတွေ ပါဝင်လာမယ်လို့ ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့်ကံမကောင်းတာ တစ်ချက် ကတော့ လက်ရှိ အချိန်အထိ အဆိုပါ Platform အသစ်နဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်တွေ မသိရသေး တာပါပဲ။ Honda ကတော့ အဆိုပါ ကား အသစ်တွေကို အခြား ဈေးကွက် တွေထက်စာရင် မြောက်အမေရိက ကားဈေးကွက်တွေထဲ အရင် ဆုံး ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။

Photo Credit: motor 1.com

တစ်ဖက်မှာလည်း GM နဲ့ ပူးပေါင်းပြီး Global Platform အသစ် တစ်ခုကို ဖန်တီးနေသေးကာ အဆိုပါ Platform နဲ့ ကားတွေ ကတော့ လာမယ့် ၂၀၂၇ မှာ ရောက်လာနိုင်ပါတယ်။ ၂၀၂၂ အစောပိုင်းလောက်မှာ တုန်း ကတော့ Honda ဟာ နည်းပညာကုမ္ပဏီ Sony နဲ့ ပေါင်းပြီး လျှပ်စစ် ကားတစ်စီး ချပြဖို့လည်း ရှိသေးတယ်လို့ ကြေညာခဲ့ ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Sony နဲ့ ကားကို တော့ ကုမ္ပဏီအသစ် တစ်ရပ်အနေနဲ့ သီးသန့် ရပ်တည်ကာ ထုတ်လုပ်လာနိုင်ဖို့ ရည်မှန်းထားပြီး ၂၀၂၅ လောက်မှာ စမြင် ရနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေဟာ လတ်တလော Sony ဆီက မြင်ထားရတဲ့ Vision-S Concepts တွေအနေနဲ့ ဖြစ်လာ နိုင်မှာလား ဆိုတာတော့ မသေချာသေးပါဘူး။ တစ်ကမ္ဘာလုံး ဈေးကွက် အတိုင်းအတာနဲ့ ဆိုရင်တော့ Honda က လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကား အမျိုးအစား ၃၀ အထိ ထုတ်လုပ်သွားဖို့ ရည်ရွယ်ထား တာ ဖြစ်ပြီး တစ်နှစ်ကို အစီးရေ ၂ သန်း ကျော် အထိလည်း ထုတ်လုပ်သွားမှာပါ။ လတ်တလော အနီးစပ်ဆုံး နောက်ထပ် ခြေလှမ်းတစ်ရပ်ကတော့ အခုကိုပဲ စမ်းသပ် ဖန်တီးနေပြီ ဖြစ်တဲ့ ကိုယ်ပိုင် Solid State Battery တွေပဲ ဖြစ်ပါတယ်။

Ref: motor 1.com