တကယ်လို့ သင်က ကားခပ်ကြီးကြီးတွေ ထဲမှာမှ အကြီးဆုံးနဲ့ အကြမ်းဆုံး ဆိုတဲ့ Pickup Truck ကြီးတွေကိုမှ လိုချင်တယ် ဆိုရင်တော့ အမေရိကန် ၊ တက္ကဆက် ပြည်နယ် အခြေစိုက် Hennessy Performance Engineering က ထုတ်လုပ်တဲ့ ကားတွေက ရွေးချယ်စရာ ကောင်းကောင်းတစ်ရပ် ဖြစ်လာမှာသေချာပါတယ်။ Ford ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် Chevrolet ဒါမှမဟုတ် Ram ကားကြီးတွေ ဘယ်လောက်ပဲ ကြမ်းတယ် ပြောပါစေ၊ Hennessy ရဲ့ အခု မြင်ရမယ့် ၆ ဘီးကားကြီး 6×6 Pickup Truck ကိုတော့ မယှဉ်နိုင်တာ သေချာပါတယ်။ အခု နောက်ဆုံး ထွက်ထားတဲ့ အဆိုပါ ကားကြီးကတော့ Hennessy ရဲ့ Gen 3 Velociraptor ကားကို အခြေခံကာ ဖန်တီးထားတဲ့ Velociraptor 6×6 Pickup Truck ကားကြီးပဲ ဖြစ်ပါတယ်။
Velociraptor ကားဆိုတာကတော့ မူလ F-150 ကားတွေကို Tuning ပြန်လုပ်ထားတဲ့ Hennessy ရဲ့ ကားသစ်တွေ ဖြစ်ပြီး အခုဆိုရင် တတိယမြောက် မျိုးဆက်အထိကို ရောက်လာခဲ့ပါပြီ။ ဒုတိယမြောက် မျိုးဆက် ကားတုန်းကတော့ ၆ ဘီး 6×6 ကားအဖြစ် ရွေးချယ်စရာကို ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုတော့ နောက်ထပ် မျိုးဆက် တစ်ခုပါ ဆက်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခု ကားသစ်ကိုလည်း Ford ရဲ့ 2021 Model F-150 ပေါ် အခြေခံကာ ဖန်တီး ပေးထားပါတယ်။ ဒါကြောင့် ကားမှာတော့ ရင်းနှီးပြီးသား ဖြစ်နေတဲ့ Twin-Turbo 3.5 Liter V6 Engine ကြီး ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Hennessy တို့ရဲ့ ထုံးစံအတိုင်း Tuning ပြန်လုပ်ထားသေးတာကြောင့် 558 hp နဲ့ 672 lb-ft Torque တို့အထိကို စွမ်းဆောင်လာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လမ်းကြမ်းပိုင်းမှာ ပုံမှန်ထက်ပိုမောင်း ကောင်းစေဖို့ အတွက်လည်း Dual Locking အနောက်ဘက် ဝင်ရိုးတွေ ၊ ပိုမြှင့်ထားတဲ့ Suspension တွေ ၊ အဆင့်မြှင့်တင်ထားတဲ့ Fox Dampers တွေ ၊ LED မီး အပိုတွေနဲ့ အတော်လေး ကြီးမားတဲ့ လက်မ ၂၀ အရွယ်ဘီးတွေကိုမှ ၃၇ လက်မ အရွယ် လမ်းကြမ်းသီးသန့် တာယာတွေနဲ့ ပေါင်းစပ် ပေးလာတာ ဖြစ်ပါတယ်။ ကားကို ကြည့်လိုက်ရင်တော့ အတော်လေး ရိုးရှင်းတဲ့ Bumpers တွေအဖြစ်ပဲ မြင်ကောင်း မြင်နိုင်ပေမယ့် တော်တော်လေးတော့ အကာအကွယ် ဖြစ်လာပါတယ်။ Hennessy ရဲ့ အဆိုအရတော့ ကားရဲ့ Suspension ကလည်း ယခင်ထက် ပိုတဲ့ စွမ်းဆောင်ရည် ကောင်း တွေနဲ့ အဆင့်မြှင့်တင် ထားတယ်လို့ သိရပါတယ်။ ပုံမှန် အားဖြင့်တော့ အခုလို ကားကို တတိယမြောက် ဝင်ရိုးနဲ့ ချဲ့ထွင်ကာ ပိုကောင်းပိုတောင့် အောင်ပြောင်းလဲပေး လေ့ရှိပါတယ်။ ဒါကြောင့် အခုဆိုရင်လည်း ၈ ပေ ရှိတဲ့ နောက်တွဲကို ကိုယ်တိုင်ဖန်တီးကာ ထုတ်လုပ်ပေးထားခဲ့ပြီး သာမန် မူလကားရဲ့ ၅.၅ လက်မ အရွယ် နောက်တွဲထက် ၄၅% လောက် အထိကို ပိုကျယ်လာခဲ့ တာ ဖြစ်ပါတယ်။ Gen 3 ဖြစ်လာတဲ့ အခုကားသစ်ကြီး ကိုတော့ $ 399,950 ကနေ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့အနှံ့ ဘယ်ဈေးကွက်ကို မဆို ပို့ဆောင် ပေးနိုင်မှာပါ။ လက်ရှိမှာတော့ အဆိုပါ ကားတွေကို စတင်ထုတ်လုပ်နေပြီဖြစ်ပြီး အခုလ အစောပိုင်းမှာ တင်ပဲ မှာယူထားသူတွေထံ စတင် ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
Ref: MotorAuthority