Gordon Murray ဆိုသူကတော့ McLaren F1 ကားတွေ အတွက် ဒီဇိုင်နာဖြစ်ပြီး ကားဒီဇိုင်းတွေနဲ့ အင်ဂျင် နီယာပိုင်း အကြံပေးလုပ်ငန်း ကိုလည်း တည်ထောင်ထားသူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ လုပ်ငန်းကို ပိုပြီး တိုးချဲ့လာနေခဲ့ တာမှာ ဆိုရင် ကားကုမ္ပဏီ တစ်ခုနဲ့ နည်းပညာ ကုမ္ပဏီတစ်ခုအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး အခုဆိုရင်လည်း လျှပ်စစ်ကား ဘက်ကို သီးသန့် အာရုံစိုက်လာတော့မယ်လို့ သိရပါတယ်။ အဆိုပါ လုပ်ငန်း ကတော့ Gordon Murray Electronics Division နဲ့ အတူ ခွဲထုတ်ထားတဲ့ Gordon Murray Technology Business လက်အောက်က Gordon Murray Design လုပ်ငန်းစုပဲ ဖြစ်ပါတယ်။ ဒါတွေ အပြင် တစ်ဖက်မှာလည်း Gordon Murray ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ T.50 ၊ T.33 တို့လို Supercar တွေ ထုတ်လုပ်ဖို့အတွက် သီးသန့် Gordon Murray Automotive ဆိုတဲ့ ကားကုမ္ပဏီကိုလည်း ခွဲထုတ် တည် ထောင်ထား ပါသေးတယ်။

Photo Credit: MotorAuthority

အဆိုပါ လုပ်ငန်းစုကြီး ၂ ခု လုံးကိုတော့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Gordon Murray Group ကနေ ထိန်းချုပ် ထားတာ ဖြစ်ပြီး Group ရဲ့ CEO ကတော့ Philip Lee ဆိုသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Gordon Murray ကိုယ်တိုင်က ဥက္ကဌ အဖြစ် တာဝန်ယူထားတာ ဖြစ်ပြီး ကုမ္ပဏီ ထုတ်ကုန်မှန်သမျှရဲ့ ဒီဇိုင်းတွေနဲ့ အင်ဂျင်နီယာ အပိုင်းတွေ အတွက်ကို တာဝန် ခံထားရတာလည်း ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစုကြီးရဲ့ လက်အောက် အခွဲတိုင်း ကတော့ Murray ရဲ့ အဓိက စံနှုန်းတွေဖြစ်တဲ့ မောင်းနှင်မှုပြီးပြည့်စုံ နေရမယ် ဆိုတာတွေ ၊ ရေရှည်ခံရမယ့် အချက် ၊ စွမ်းအင်ချွေတာ နိုင်ရမှာတွေ အပြင် ခေတ်မှီ ဆန်းသစ်ပြီး ပတ်ဝန်း ကျင်နဲ့ ကိုက်ညီတဲ့ နည်းပညာတွေကို သုံးဖို့တွေ စတဲ့ စည်းမျဉ်းတွေကို အကုန် လိုက်နာရတာ ဖြစ်ပါတယ်။ နောက်တစ်ချက် အရေးကြီးတာကတော့ ပေါ့ပါးလွန်းတဲ့ကားကိုယ်ထည်တွေနဲ့ စွမ်းဆောင်ရည် ကောင်းတွေ ရဖို့ပါပဲ။ အဆိုပါ လုပ်ငန်းတစ်ခုချင်းစီရဲ့ လုပ်ငန်းပမာဏတွေကတော့ ၂၀၂၀ ကတည်းက နေ ၃ ဆ လောက် အထိကို ကြီးထွားလာခဲ့တာ ဖြစ်ပြီး ကုမ္ပဏီ ရဲ့ ရည်မှန်းချက်တွေကို လာမယ့် ၃ နှစ် ကျော်လောက် အတွင်း မှာတင် ပြည့်မှီနိုင်ဖို့ ရှိလာနေပါတယ်။ လက်ရှိမှာတော့ Surrey U.K. စက်ရုံမှာ ရုံးချုပ်တွေနဲ့ နည်းပညာပိုင်း Campus တွေကို ဆောက်လုပ်နေပါပြီ။

Photo Credit: MotorAuthority

Murray ကတော့ အခုလိုမျိုး Gordon Murray Automotive ရဲ့ အောင်မြင်မှုတွေ ကြီးထွားလာနေတယ် ဆိုပေမယ့် အဓိကအရေးကြီးတာကတော့ Gordon Murray Technology လုပ်ငန်းရဲ့ လက်ထဲမှာပဲ မူတည် နေတယ် လို့လည်း ဆိုထား ပါတယ်။ လက်ရှိမှာ သူတို့အတွက် အရည်အချင်း ပြည့်ဝတဲ့ လုပ်ငန်းအဖွဲ့ ၊ တစ် ကမ္ဘာလုံးနဲ့ ဆက်သွယ် အလုပ် လုပ်နိုင်တဲ့ အရည်အချင်းတွေအပြင် နောင်မှာတော့ ပိုကောင်း ပိုစိတ်ချရတဲ့ ပို့ဆောင် ဆက်သွယ်ရေး အတွက် လျှပ်စစ် ကားတွေကိုလည်း သီးသန့် အာရုံစိုက်လာမှာ ဖြစ်တယ်လို့ Murray က ပြောကြားထား လိုက်ပါတယ်။ Murray ကတော့ လက်ရှိ မှာ Gordon Murray Technology လုပ်ငန်း ဘက်ကနေ လျှပ်စစ်စွမ်းအင်သုံး SUV ကား ၂ စီးကို  ဖန်တီးနေပြီ ဖြစ်ပြီး အဆိုပါ ကားတွေထဲက တစ်စီးကတော့ Gordon Murray Automotive အတွက်ရည်ရွယ်ထားတာဖြစ်ကာ နောက်တစ်စီး ကတော့ နာမည်ကြီး အဓိက ကားကုမ္ပဏီကြီးအတွက် ဖြစ်တယ်လို့ ဖော်ပြထားတာကြောင့် ဘယ်လိုမျိုး လျှပ်စစ်ကား တွေလည်း ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

Ref: MotorAuthority