Google ကတော့ ကားတွေမှာ သုံးတဲ့ Android Auto စနစ်ကို အဆင့်မြှင့်တင်ပေးလိုက်ပြီ ဖြစ်ကာ Screen ၂ ခြမ်းခွဲပြီးသုံးလို့ရမယ့် Split Screen View ကိုရအောင် လုပ်ပေးလိုက်ပါပြီ။ အထူးသဖြင့် မတူညီတဲ့ အမျိုး မျိုးသော Screen အရွယ်အစားတွေ အတွက် သုံးရတာ အဆင်ပြေအောင် ရည်ရွယ်ထားပါတယ်။ လမ်းညွှန် စနစ်တွေနဲ့ စာပို့တာ တွေစတဲ့ လုပ်ဆောင်ချက် အတော်များများမှာ အခုလို Screen ခွဲပြီး လုပ်ဆောင်နိုင် တာက ပိုအဆင်ပြေလာနိုင်ပြီး ယခင်တုန်း ကလည်း တစ်ချို့သော ကားမော်ဒယ်တွေမှာ သီးသန့် ရခဲ့ပေမယ် လို့ အခုကတော့ Android Auto ရတဲ့ ကားတွေ အကုန်လုံးမှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Screen အပိုင်းမှာလည်း အမျိုးမျိုးသော အရွယ်အစားတွေအတွက် သုံးလို့ရနိုင်အောင် Android Auto ကို အဆင့်မြှင့်တင် ပေးထားပြီး Screen အရွယ် အမျိုးမျိုးကိုမှ ဒေါင်လိုက်ရော အလျားလိုက်တွေပါ အမျိုးမျိုး တပ်ဆင်လာကြတဲ့ ကုမ္ပဏီတွေအတွက် ပိုအဆင်ပြေစေမှာသေချာပါတယ်။ Volvo ရဲ့ တစ်ချို့ ကားအတော် များများမှာ ဆိုရင်လည်း Screen ကို ဒေါင်လိုက်တပ်ဆင်ထားပြီး BMW နဲ့ Mercedes-Benz တို့လို ကုမ္ပဏီ တွေကတော့ အလျား လိုက်ပဲ တပ်ဆင်ထားလေ့ ရှိကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတိုင်းကလည်း ပုံသေမဟုတ်ပဲ သူတို့ရဲ့ ကားတွေ ကို ပိုပိုပြီ ဆန်းပြားတဲ့ ဒီဇိုင်းတွေနဲ့ အဆင့်မြှင့်တင် ပေးနေတာကြောင့် ဘယ်လိုပုံမျိုးမဆို သုံးလို့ရစေမယ့် Android Auto အသစ်က ပိုအဆင်ပြေစေမှာပါ။ ဒါတင်မကသေးပဲ Mercedes-Benz EQS မှာလိုမျိုး ထူးခြား ကြီးမားလွန်းတဲ့ ၅၆ လက်မအရွယ် Hyperscreen လိုမျိုးမှာ လည်း Android Auto ကို အဆင်ပြေပြေသုံးနိုင်ဖို့ Google က ပြင်ဆင် ပေးထား လိုက်ပါပြီ။ အသစ်ထွက် လာ ဦးမယ့် Cadillac Lyriq မှာ ဆိုရင်လည်း ထူးထူးခြားခြား ၃၃ လက်မ အရွယ် Display တွေကြောင့် အခုလိုမျိုး ဖန်တီးပေးလိုက်တာက ပိုအဆင်ပြေ လိမ့်မယ်ဆိုပြီး Android Auto ရဲ့ ဦးဆောင် မန်နေဂျာ ဖြစ်သူ Rod Lopez က ပြောကြားခဲ့ ပါတယ်။

Photo Credit: MotorAuthority

အခြားသော အဆင့်မြှင့်တင်မှုတွေ အနေနဲ့ကတော့ တစ်ချက်ထိလိုက်ရုံနဲ့ အလွယ်တကူ လျှင်လျှင်မြန်မြန် စာပြန်ပို့နိုင်မယ့် အသင့်ပြင်ဆင် ပေးထားတဲ့ Text Message တွေ ၊ Android ဖုန်းကလည်း ကားဆီကို ယခင်က ထက် အများကြီး ပိုမိုလွယ်ကူ အဆင်ပြေစေမယ့် ချိတ်ဆက်မှုတွေ လုပ်ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါတင်မက သေးပဲ Google ရဲ့ Android Infotainment System ကိုပဲ သီးသန့်သုံးထားမယ့် Android Automotive စနစ်အသစ်ကိုလည်း Tubi TV နဲ့ Epix တို့လို Streaming Services တွေမှာစတင် အသုံးပြု လို့ ရနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိက ဈေးကွက် ထဲမှာတော့ အဆိုပါ စနစ်ကို တစ်ချို့ ‌Volvo ကားတွေထဲမှာ စတင်သုံးလို့ ရနေပြီဖြစ်ပြီး အထူးသဖြင့် Polestar 2 လို ကားသစ်မျိုးမှာလည်း ရနေပါပြီ။ Ford နဲ့ Lincoln တို့ကလည်း အဆိုပါ စနစ်သစ်ကို လာမယ့် ၂၀၂၃ မှာ စတင် သုံးလာတော့မှာဖြစ်ပြီး Audi ၊ Stellantis နဲ့ Renault Nissan Mitsubishi ပူးတွဲ ကုမ္ပဏီတွေကပါ သူတို့ရဲ့ ကားတွေကို အခု စနစ်သစ် ထည့်သွင်းလာကြတော့မှာဖြစ်လို့ အသုံးပြုသူတွေ အတော်လေးတိုးတက်များပြားလာဖို့ရှိနေပြီ ဖြစ်ပါတယ်။

Ref: MotorAuthority