ကားတွေ အနေနဲ့ ပြဿနာ တစ်စုံတစ်ရာကြောင့် ပြန်လည် သိမ်းဆည်းတဲ့အခါ နိုင်ငံတကာမှာတော့ တစ်ခါတစ်လေ မှာ National Highway Traffic Safety Administration (NHTSA) ရဲ့ ခွင့်ပြုချက် အကြောင်း ကြားချက် မလိုအပ်ပဲ ကုမ္ပဏီကနေ  တိုက်ရိုက် သိမ်းဆည်းတာမျိုးတွေကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ်။ အခုဆိုရင်တော့ GM Authority ရဲ့ သတင်းတွေအရ အခုလို သိမ်းဆည်းရတာမျိုးကို GMC Hummer EV ကားသစ်မှာ မြင်လာရပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို အခြေအနေကိုတော့ ပြန်လည်သိမ်းဆည်း ရတယ်လို့ မသတ်မှတ်ထားပဲ “Customer Satisfaction Program” ဟုဆိုကာ ကားဝယ်ယူထားသူတွေရဲ့ စိတ်ကျေနပ်မှုအတွက် ပြန်လည်ပြင်ဆင်ပေးခြင်းသာ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြထားကြပါတယ်။ ဒါပေမယ့် သေချာတာတစ်ချက်ကတော့ လျှပ်စစ်ကား စျေးကွက် တွေထဲမှာ ကားတွေကို မကြာခဏ ပြန်လည် သိမ်းဆည်း ရတာ တွေလည်း များပြားလာနေတာပါပဲ။ ဒါကလည်း ထူးထူးခြားခြားတော့ အပြစ်မဆိုသာ ပြန်ပါဘူး။ လမ်းမတွေထက်မှာ နေရာယူ တိုးပွား လာနေတဲ့ လျှပ်စစ်ကားတွေနဲ့ SUV တွေကလည်း လုံးဝကို အသစ်စက်စက် ပထမမျိုးဆက် မူလကားတွေ ဖြစ်နေသေးတာကြောင့်ပါပဲ။ ကုမ္ပဏီတွေ အတော်များများကတော့ စျေးကွက်ထဲကို ကားအသစ် အဆန်းတွေ စတင်ယူဆောင်လာကြတဲ့ အချိန်မှာ အခုလို မျိုးပဲ  ပြဿနာလေးတွေ အနည်းအကျဥ်းတော့ ရှိနေတတ်တာ ထုံးစံပဲလို့ ယူဆရမှာပါ။ ဒီလို ပြဿနာ  တွေထဲမှာမှ လျှပ်စစ် ကားသစ်တွေ ဖြစ်တာကြောင့် ကားရဲ့ ဘက်ထရီ အပိုင်းတို့ လျှပ်စစ်မော်တာပိုင်း စတဲ့ နေရာတွေနဲ့ ဆက်စပ်တာမျိုး‌ တွေကလည်းပိုပြီး အဖြစ်များနေမှာတော့ သေချာပါတယ်။

Photo Credit: InsideEvs

အခုတစ်ခေါက် GMC Hummer EV  ပြန်လည်သိမ်းဆည်း ရမှုမှာလည်း ဗို့အားမြင့်တဲ့ Battery Pack Connectors တွေကြောင့် ဖြစ်ပြီး ကုမ္ပဏီရဲ့ အဆိုအရတော့ အခု အနေအထားမှာ Connector က ပဲ့သွားနိုင်ပြီး ဘက်ထရီထဲ မတော်တဆ ရေဝင်သွားတ မျိုး ရှိတတ်တယ်လို့ သိရပါတယ်။ တကယ်လို့ အဆိုပါ Battery Pack Connector လေးမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်လာခဲ့မယ်ဆိုရင်တော့ ကားအတွင်းရှိ ယာဥ်မောင်းရဲ့ Information  Display နေရာမှာသတိပေး အချက်ပြ မီးလေးလင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအထိ ကတော့ အခုလို မျိုးပြဿနာကြောင့် ဘက်ထရီပိုင်း ပျက်စီးနိုင်တဲ့ အချက်ကလွဲလို့ အခြား အန္တရာယ်ရှိတဲ့ ဘယ်လို အခြေအနေမျိုးကိုမှ ကုမ္ပဏီ ဘက်က မဖော်ပြထားသေးတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက်တော့ ကုမ္ပဏီက နည်းလမ်းတွေ စီစဥ်ပေးထားပြီးဖြစ်ကာ ကျွမ်းကျင် နည်းပညာရှင်တွေကနေပဲ အဆိုပါ ပြဿနာရှိနိုင်တဲ့ Connector တွေထဲကို AC Delco RTV Engine Sealant ဆိုတဲ့ ပစ္စည်းထည့်ကာ ဖြေရှင်းပေးသွားမယ်လို့သိရပါတယ်။ အခုလို ပြုပြင် ပေးလိုက်ပြီးတာနဲ့ Connector ကိုလည်း ကာကွယ် ပေးရာ ရောက်သလို ဘက်ထရီတွေ ရေဝင် ပျက်စီးနိုင်မယ့် အခြေအနေကနေလည်း ကာကွယ်ပေးနိုင်လိမ့်မယ်လို့သိရပါတယ်။

Photo Credit: InsideEvs

အခုလို ပြဿနာကို ကြုံနေရနိုင်တဲ့ Hummer EV အသစ်ပေါင်း ၄၂၄ စီး အထိ ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး 2022 Hummer EV တွေအပြင် GM ရဲ့ BrightDrop EV600 ကားတွေလည်း ပါဝင်လာမှာပါ။ ပြဿနာ ရှိနေနိုင်မယ့် ကားပိုင်ရှင်‌တွေထံကို GM ကနေ တိုက်ရိုက် အကြောင်းကြား ပေးသွားမှာဖြစ်ပြီး ပိုင်ရှင်တွေ အနေနဲ့ နီးစပ်ရာ အ‌ရောင်း ကိုယ်စားလှယ်တွေဆီမှာတင် သွားရောက်ပြုပြင် နိုင်ပါလိမ့်မယ်။

Ref: InsideEvs