General Motors ကား ကုမ္ပဏီကြီး ကတော့ အနာဂတ်မှာ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ ထိပ်ဆုံးနေရာကို ဝင်ယူ နိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ အခြားသော ခေတ်သစ်လျှပ်စစ်ကားကုမ္ပဏီ တွေနဲ့ မတူပဲ အဓိက ကွဲပြားတဲ့ တစ်ချက်ကတော့ General Motors အနေနဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ လျှပ်စစ်ကားတွေ ဘက်ကို ပိုအား စိုက်နေတာပါပဲ။ ဒါပေမယ့် အဆိုပါ ဈေးသက်သာ ကားတွေမလာခင် ဈေးကွက်ထဲ အတွက် ပိုဈေးကြီးပြီး သီးသန့်ဆန်တဲ့ လျှပ်စစ်ကားတွေကို အရင်ဆုံး ပို့ဆောင်ပေးနေပါသေးတယ်။ အခုဆိုရင် ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ GM ကနေ တရုတ်ဈေးကွက်အတွက် GMC Hummer EV SUV နဲ့ စက်မှုပိုင်း မဟုတ်ပဲ လက်မှုပိုင်းနဲ့ပဲ Rolls-Royce လို ထူးထူးခြားခြား တည်ဆောက်ထားတဲ့ Cadillac Celestiq တို့ကို ချပြမိတ်ဆက် လိုက်ပါတယ်။ အဆိုပါ ကား ၂ မျိုးလုံးကိုတော့ နိုဝင်ဘာ ၅ ရက်ကနေ စတင်ကျင်းပနေတဲ့ တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ ၂၀၂၂ မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး ကားဈေးကွက်လည်းဖြစ် ၊ လျှပ်စစ်ကားတွေ အတွက်လည်း နေရာကောင်း ဖြစ်နေတဲ့ တရုတ်ဈေးကွက် ကတော့ နာမည်ကြီး Tesla တို့ မဝင်ရောက်ခင်ကတည်းကလည်း ဈေးသက်သာပြီး ရွေးချယ်စရာပေါတဲ့ လျှပ်စစ်ကားဈေးကွက် ဖြစ်လာနေခဲ့တာပါ။

Photo Credit: InsideEvs

GM ကလည်း လျှပ်စစ်ကားတွေနဲ့ ပတ်သက်လာရင် သူများတွေထက်သာအောင် လုပ်နိုင်တယ်ဆိုတာကို သက်သေပြထားနိုင်ပြီး Hummer EV Pickup Truck ၊ Hummer EV SUV ၊ Cadillac Celestiq နဲ့ Cadillac Lyriq တို့ကိုလည်း အများကြီးမရောင်းချပေမယ့် လူစိတ်ဝင်စားမှုရအောင် အတော်လေး ဖမ်းစားထားနိုင်ခဲ့ ပါသေးတယ်။ ဒါ့အပြင် သေချာတာတစ်ခုကတော့ ကုမ္ပဏီကနေ အနာဂတ် ကားသစ်တွေအ တွက် ခိုင်မာတဲ့ အနေအထား တစ်ခု ကို ရထားပြီပဲ ဖြစ်ပါတယ်။ တရုတ် ဈေးကွက်အတွက် ရောင်းချသွားမယ့် GM ရဲ့ လျှပ်စစ် ကားတွေကိုတော့ Durant Guild လို့ အမည်ရတဲ့ စီးပွားရေးလုပ်ငန်းခွဲ တစ်ခုအောက် ကနေ စီမံလုပ်ကိုင်သွားမှာပါ။ အဆိုပါ လုပ်ငန်းကတော့ တရုတ်နိုင်ငံမှာ အမေရိကန်ရဲ့ ဇိမ်ခံ ဈေးကြီး လျှပ်စစ် ကားတွေကို ချိတ်ဆက်ရောင်းချပေးတဲ့ Lifestyle Platform တစ်မျိုးအဖြစ် ရပ်တည်‌နေတာလည်း ဖြစ်ပါတယ်။

Photo Credit: InsideEvs

အခုလိုမျိုး တကယ့်ကို သီးသန့်ဆန်ပြီး ဈေးကြီးကောင်းမွန်လှတဲ့ Cadillac Celestiq လို ကားမျိုးကို တရုတ် ဈေးကွက်အတွင်း ယူဆောင်ပေးလာနိုင်တာကလည်း GM ရဲ့အတော်လေး အလေးထားမှုကို ပေါ်လွင်စေ ခဲ့တယ်လို့ Durant Guild ရဲ့ President လည်းဖြစ် မန်နေဂျင်းဒါရိုက်တာ လည်းဖြစ်သူ Felix Weller က ဆိုထားပါတယ်။ ဒါ့အပြင် အခုလိုမျိုး လက်မှုပညာပိုင်းနဲ့ အသေးစိတ် ဖန်တီးထားတဲ့ ကားမျိုးတွေဟာ အနာဂတ် ဈေးကွက် အတွက် သီးသန့် Standard တစ်မျိုးအနေနဲ့ ရှိလာလိမ့်မယ်လို့လည်း ၎င်းက မှတ်ချက်ပြုထားပါသေးတယ်။ အခုဆိုရင်တော့ တရုတ် ‌ဈေးကွက်အတွင်း Celestiq ကားတွေကို စတင်မှာယူ နိုင်ပြီဖြစ်ပြီး စတင်မှာယူလိုက်ပြီ ဆိုတာနဲ့ အဆိုပါ ကားတွေကို စက်ပိုင်းဆိုင်ရာ မသုံးပဲ လက်မှုပညာနဲ့တင် အမေရိကန် ၊ မီချီဂန် ပြည်နယ်ထဲမှာ ရှိတဲ့ Global Tech Center မှာ စတင် ထုတ်လုပ်ပေးမှာပါ။ Hummer EV SUV အတွက်ကိုတော့ တရုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိ နိုင်မယ့်ရက် အပါအဝင် အသေးစိတ် အချက်အလက်တွေ မချပြထားသေးတာကြောင့် ဆက်လက် စောင့်ကြည့် ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs