General Motors ကား ကုမ္ပဏီ လက်အောက်က ထုတ်လုပ်ထားသမျှ Full-Size SUV ကားတွေ သန်း တစ်ဝက်လောက်ကို ပြန်လည် သိမ်းဆည်းတော့မှာ ဖြစ်ပြီး ထိုင်ခုံခါးပတ် ပြဿနာကြောင့်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၁ နဲ့ ၂၀၂၂ အတွင်း ထုတ်လုပ်ထားတဲ့ ကားတွေရဲ့ တတိ‌ယမြောက် ထိုင်ခုံတန်းက ထိုင်ခုံတွေမှာ အခု ခါးပတ်ပြဿနာ ရှိနေတာပါ။ ပြန်လည် သိမ်းဆည်းခံရမယ့် ကားတွေထဲမှာတော့ Cadillac Escalade၊ GMC Yukon၊  Chevrolet Tahoe နဲ့ Chevrolet Suburban တို့ပါဝင်လာမှာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲမှာမှ Cadillac Escalade ESV နဲ့ GMC Yukon XL တို့လို သာမန်ထက် ပိုရှည်တဲ့ Extended Length ကား အမျိုးအစားတွေလည်း ပါဝင်လာမှာပါ။ အဓိက ပြဿနာကတော့ အဆိုပါကားတွေရဲ့ တတိယ‌မြောက် ထိုင်ခုံတန်းက ထိုင်ခုံ ခါးပတ်တွေကို ထိန်းပေးထားတဲ့ အကာလေးတွေမှာ ဖြစ်နေတာ ဖြစ်ပါတယ်။ NHTSA ရဲ့ အဆိုအရတော့ အဆိုပါ အကာ Rivet လေးတွေကို တပ်ဆင်တုန်းကတည်းက ချို့ယွင်းချက် ရှိနေတာ မျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။ အခုလို ချို့ယွင်းချက်တွေကြောင့် ခါးပတ် ပတ်ထား ပေမယ့်လည်း ခရီးသည် တွေကို တင်းတင်းကြပ်ကြပ် ကာကွယ်မပေးနိုင်ပဲ ပိုဆိုးတာကတော့ မတော်တဆမှုတွေ ဖြစ်လာတဲ့ အခါမှာ ခရီးသည်တွေကို ဒဏ်ရာ အနာတရတွေ ဖြစ်သွား စေနိုင်တာပါပဲ။

Photo Credit: motor 1.com

အခုလို ပြန်လည် သိမ်းဆည်းရတဲ့ အကြောင်းကို GM ဘက်ကဖော်ပြထားတဲ့ အထဲမှာတော့ အခု ချို့ယွင်းချက်ကြောင့် မတော်တဆထိခိုက်တာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ အဆိုပါ ပြဿနာ ကို အခုနှစ် မေလလောက်မှာ စတင် သတိထားမိခဲ့ ပုံပေါ်ပြီး 2021 Suburban ကားရဲ့ ထိုင်ခုံခါးပတ် အရင်းကနေ ပြုတ်ထွက်လာတာကို ကားအသုံးပြုသူ တစ်ဦးက အကြောင်းကြား ခဲ့ဖူးတာပါ။ စုံစမ်းစစ်ဆေး ချက်တွေ အရတော့ အလားတူပြဿနာမျိုး ၇ ခု လောက် ကြုံ‌တွေ့ခဲ့ပုံရပြီး ပြဿနာရဲ့ ရင်းမြစ်ကတော့ အဆိုပါ ခါးပတ် Rivet လေးတွေကို သေချာ မတပ်ဆင် ပေးလိုက်တဲ့ Supplier မှာ တာဝန်ရှိ နိုင်မှာပဲ ဖြစ်ပါ တယ်။ အခုလို ပြန်လည် သိမ်းဆည်းရမယ့် ကားတွေ ထဲမှာတော့ Chevrolet Tahoe ကားက အစီးရေ ၁၇၆,၉၈၁ စီးနဲ့ အများဆုံးဖြစ်နိုင်ပြီး ၊ Yukon  ကား‌တွေ က‌တော့ ၉၇,၄၃၆ စီး ၊ Suburban ပေါင်း ၈၄,၃၃၈ စီး ၊ Yukon XL ကားပေါင်း ၅၈,၆၀၆ စီး  နဲ့ Escalade ESV ကားပေါင်းက ၂၅,၁၅၈ စီး အထိ ရှိနိုင်တာပဲ ဖြစ်ပါတယ်။ အခုလို ပြန်လည်သိမ်းဆည်းရမယ့် SUV အားလုံးပေါင်းလိုက်ရင် ၄၈၄,၁၅၅ စီးအထိကို ရှိနေတယ် ဆိုပေမယ့် GM ရဲ့ ခန့်မှန်းချက် အရတော့ အဆိုပါ SUV အကုန်လုံးရဲ့ ၂ % လောက်မှာပဲ ပြဿနာ ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ပြန်လည် ပြင်ဆင်ရမယ့် အပိုင်းကလည်း ထွေထွေထူးထူး မဟုတ်လို့ ရိုးရှင်းပြီး ပြန်လည် အသိမ်းဆည်း ခံရမယ့် ကားပိုင်ရှင်တွေက နီးစပ်ရာ အရောင်းနဲ့ဝန်ဆောင်မှု စင်တာတွေမှာ သွားရောက် အစစ်ဆေးခံကြည့် ရမှာပါ။ တကယ်လို့ အဆိုပါ တတိယ‌ထိုင်ခုံတန်း ခါးပတ်တွေမှာ ဒီ ပြဿနာတွေ့တယ် ဆိုရင် ထိုင်ခုံခါးပတ် အသစ်တစ်စုံလုံးကို ပြန်လည် လဲလှယ်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဆိုပါ ပြန်လည် သိမ်းဆည်းရမယ့် အကြောင်းကြားချက်တွေကိုတော့ GM က ကားပိုင်ရှင်တွေထံပြီးခဲ့တဲ့ ၁၁ ရက် နေ့ကတည်းက အသိပေးထားခဲ့ပြီး လာမယ့် စက်တင်ဘာ ၂၆ ရက်ကစလို့ ပြန်ဆင်ပေးတာတွေ စတင် လုပ်ဆောင်တော့ မှာဖြစ်ပါ တယ်။

Ref: motor 1.com