ပြီးခဲ့တဲ့ ဇွန်လ ကတည်းက အမေရိကန်နိုင်ငံ ၊ ဆန်ဖရန်စစ္စကိုမှာ စတင်ပြေးဆွဲပေးနေတဲ့ GM Cruise ရဲ့ မောင်းသူမဲ့အငှားယာဉ် ဝန်ဆောင်မှုတွေက အခုအနေအထား အထိဆိုရင် မိုင်သန်းတစ်ဝက် လောက်အထိကို အောင်အောင်မြင်မြင် မောင်းနှင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာတော့ အမြဲယုံကြည်လို့ မရ‌ နိုင်သေးဘူးဆိုတာ အခုဖြစ်ရပ်က သက်သေပြခဲ့ပြီး ကားထဲမှာ တစ်ယောက်မှမရှိတဲ့ အဆိုပါ မောင်းသူမဲ့ကားလေး ကတော့ လမ်းလယ်ခေါင်မှာ ဘာမှမလုပ်နိုင်ပဲ ရပ်တန့်နေခဲ့တာပါ။

Photo Credit: InsideEvs

အခုဖြစ်ရပ်မှာ ထွက်ပေါ်လာတဲ့ Video ထဲမှာ ဆိုရင်တော့ Cruise ဝန်ဆောင်မှုပေးနေတဲ့ Chevy Bolt ကားလေးက လမ်းဆုံ မီးပွိုင့်မှာ ရပ်တန့်နေခဲ့ပြီး အရေးပေါ် အချက်ပြမီးတွေလည်း ပွင့်နေခဲ့ကာ မီးပွိုင့်စိမ်းနေ တာတောင် မထွက် တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ အဆိုပါ ကားအနောက်မှာ နောက်ထပ် Waymo ရဲ့ မောင်းသူမဲ့ Jaguar I-Pace ကားကလည်း ရောက်လာခဲ့ပြီး Chevy Bolt မထွက်မချင်း စောင့်နေခဲ့ ပြန်တာပါပဲ။ ဒါပေမယ့် အဆိုပါ Waymo ကားမှာတော့ အရေးပေါ် အခြေအနေတွေမှာ အဆင်ပြေစေမယ့် ယာဉ် မောင်းတစ်ယောက် ပါဝင်လာတာကြောင့် သိပ်ပြီး စောင့်ဆိုင်းစရာ မလိုပဲ ထွက်သွားခဲ့ကာ ‌ပုံမှန်အတိုင်း မောင်း ထွက်သွား ပါတော့တယ်။ ဖြစ်ရပ်အပြီး နောက်ထပ် ၁၃ မိနစ်လောက် အရောက်မှာတော့ Cruise Chevy နောက် တစ်စီးက တာဝန်ရှိသူနဲ့အတူ ရောက်လာခဲ့ပြီး ချို့ယွင်း သွားတဲ့ ကားကိုဘေးကို ဆွဲချကာ လမ်းရှင်း ပေးခဲ့ပါတယ်။ ဒီ ကိစ္စမှာ ကျန်ယာဉ်မောင်းတွေအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရပေမယ့်လည်း မောင်းသူမဲ့ကားက ဖြစ်တာကြောင့် ဘယ်သူ့ကို ပြဿနာရှာ ရမှန်းမသိ တာကလည်း ရယ်ရခက်ငိုရခက်ပါပဲ။

Photo Credit: InsideEvs

ဒါပေမယ့်အခုလို ပြဿနာ ရှိတာကလည်း Cruise တို့အတွက် ပထမဆုံး မဟုတ်တော့ပဲ ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းက ပါ အဆိုပါ Bolt ကားတွေ တစ်တန်းကြီး ရပ်တန့်ပြီး ကားလမ်းတစ်လမ်းလုံး နီးပါးကို ပိတ်ဆို့နေ စေခဲ့ ဖူးပါသေးတယ်။ နောက်တစ်ခေါက် ဖြစ်ရပ်မှာတုန်းကဆိုရင် ညဘက်ကြီး မီးတွေလုံးဝမဖွင့်ပဲ မောင်းနေလို့ ယာဉ်ထိန်းရဲတွေက ထိန်းသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒီ ဖြစ်ရပ်တွေကိုကြည့်မယ် ဆိုရင်တော့ မောင်းသူမဲ့ နည်းပညာ ကို ဖန်တီးနေတဲ့ သူတွေလည်း ဖြေရှင်းစရာ ပြဿနာတွေ၊  တိုးတက်အောင် လုပ်ရမယ့်အပိုင်းတွေ အများကြီး ရှိနေသေးတာကို သိသိသာသာ မြင်ရမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs