General Motors နဲ့ Honda တို့ကားကုမ္ပဏီကြီး ၂ ခုကတော့အနာဂါတ် လျှပ်စစ်ကားအခန်းကဏ္ဍအတွက် ကြီးကြီးမားမား ပူးပေါင်းမှုတစ်ခုကို လုပ်ဆောင်လိုက်ကြပါတယ်။ အဲ့ဒါကတော့ မျိုးဆက်သစ် Ultium နည်းပညာ သုံးထားတဲ့ Global Platform တစ်ခုကို အခြေခံပြီး ဈေးသက်သာတဲ့ လျှပ်စစ်ကားသစ် တွေကို ပူးပေါင်းထုတ်လုပ် သွား နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်ကားသစ်တွေထဲမှာတော့ ၂၀၂၇ ကစလို့ ထုတ် လုပ် သွားတော့မယ့် Compact Crossover တွေလည်း ပါဝင်လာမှာပါ။ GM ရဲ့ EV Platform နာမည်က တော့ Ultium လို့သိရပြီး 2022 GMC Hummer EV မှာ စတင်သုံးထားတဲ့ ဘက်ထရီ နည်းပညာလည်း ဖြစ်ကာ 2023 Cadillac Lyriq မှာလည်း ဆက်သုံးထားပါသေးတယ်။ ၂၀၂၀ ကတည်းက စီစဉ် ထားမှုတွေ အရတော့ Acura Brand ကလည်း အဆိုပါ Platform ပေါ်မှာ အခြေခံထားတဲ့ သူတို့ရဲ့ SUV တစ်မျိုး ကို လာမယ့် ၂၀၂၄ အရောက်မှာ ထုတ်လုပ်မှာဖြစ်ပြီး GM ကလည်း ကူညီပေးဖို့ ရှိပါတယ်။ GM ရဲ့ ထုတ်လုပ်မှု ပိုင်းဆိုင်ရာ ခေါင်းဆောင် Doug Parks ကတော့ Ultium နည်းပညာ သုံးထားမယ့် မျိုးဆက်သစ် လျှပ်စစ် ကားတွေထဲမှာ 2024 Chevrolet Equinox EV အောက်ကနေ လျှပ်စစ်ကားသစ် တစ်စီးလည်း ပါဝင်လာ ဦးမယ်လို့ဆိုထားပါတယ်။ တကယ်တော့ အဆိုပါ SUV ကလည်း လက်ရှိမှာ Ultium Platform နည်းပညာ ကိုပဲ သုံးပေးထားတာ ဖြစ်ပြီး $ 30,000 ဝန်းကျင် လောက်ကနေ ကျသင့်မယ်လို့ သိရပါတယ်။

                                                                Photo Credit: MotorAuthority

အခု ကြေညာလိုက်ပြန်တဲ့ GM နဲ့ Honda တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ထဲမှာတော့ ကားသစ်တွေရဲ့ စွမ်း ဆောင်ရည် တွေ ၊ တည်ဆောက်မှု နည်းပညာတွေနဲ့ အသုံးတည့်မှု အပိုင်းတွေကို အဓိကထား ဖန်တီးကြဖို့ ဖြစ်ပါတယ်။ ဒါတင် မကသေးပဲ နောက်ပိုင်းမှာတော့ Solid State တို့လို အဆင့်မြင့် ဘက်ထရီ နည်းပညာ တွေ အထိ ဆက်လုပ် သွားနိုင်ဖို့ ဖြစ်ပြီး ကုမ္ပဏီ ၂ ခု လုံးကလည်း အဆိုပါ ဘက်ထရီ နည်းပညာကို ကုန်ကျ စရိတ် သက်သာကာ မြန်ဆန် ကောင်းမွန်တဲ့ နည်းပညာကောင်း တစ်ရပ်အဖြစ် အမြင် တူညီနေကြတာပါ။ ဒါကြောင့် နောက်ပိုင်း လျှပ်စစ်ကားတွေထဲမှာ အဆိုပါ ဘက်ထရီတွေ ကိုပဲ သုံးသွားဖို့ ရည်ရွယ်ထားပြီး Honda ဆိုရင် အကြိုစမ်းသပ် ထုတ်လုပ်မှုတွေကိုတောင် ပြုလုပ် နေပြီ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ ကုမ္ပဏီ ၂ ခု အကြား ပူးပေါင်းဆောင်ရွက်မှုတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ် တစ်ခု လောက် ကတည်းကရှိခဲ့ကြ တာ ဖြစ်ပြီး နောက်ပိုင်း နှစ်တွေမှာတော့ လျှပ်စစ်ကားပိုင်းနဲ့ မောင်းသူမဲ့ စနစ်တွေကို ပိုအားထည့်ကာ ပူးပေါင်းလာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကလည်း Platform ပိုင်းနဲ့ အင်ဂျင်ပိုင်းတွေ မှာ ပူးပေါင်း လုပ်ဆောင်သွားကြဖို့ စီစဉ်ခဲ့သေးသလို သုတေသနပိုင်းနဲ့ အခြားသော ကားအတွင်း နည်းပညာပိုင်း ဝန်ဆောင်မှု စနစ်တွေကိုပါ ပူးပေါင်းဖို့ စီစဉ်ထားခဲ့ကြတာကြောင့် နောက်လာမယ့် နှစ်တွေမှာတော့ ပိုပြီး သိသာ ထင်ရှား လာတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority