ခေတ်သစ် ကားလောက ထဲမှာတော့ လျှပ်စစ် ကားတွေဆီကို ဦးတည်နေကြတာ ကုမ္ပဏီ အကုန်နီးပါး ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် လျှပ်စစ်စွမ်းအင် သုံးတာထက်ပိုတဲ့ နည်းလမ်းတွေ ကိုဘက်ပေါင်းစုံ စဉ်းစားလာနေကြပါပြီ။ အခုဆိုရင်တော့ ကားဒီဇိုင်နာတစ်ဦးဖြစ်သူ Ian Callum ဦးစီးတည်ထောင်ထားတဲ့ Callum ကား ဒီဇိုင်း ကုမ္ပဏီကနေ Porsche 911 ကားသစ်ရဲ့ ထူးထူးခြားခြား အတွင်းခန်း တစ်ရပ်ကိုပြသခဲ့ ပါတယ်။ အဆိုပါ အတွင်းခန်းပိုင်း ကတော့ အစားအသောက် အကြွင်းအကျန် တွေနဲ့ အခြားသော ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ ပေါင်းစပ်ကာ ဖန်တီး ပေးထားတာပါပဲ။ ဒီဇိုင်နာ တွေ အနေနဲ့ အခုကား အတွင်းခန်းအတွက် ကော်ဖီအကြွင်းအကျန်တွေ ၊ ကြက်ဥခွံတွေ ၊ ပဲတွေ ၊ အစေ့အစံ တွေနဲ့အပြင် ဆန်လိုမျိုး ပြန်လည် အသုံးပြုလို့ရတဲ့ အစားအသောက် အတော်များများကို ပြန်ပေါင်းထုတ်ကာ ဖန်တီးပြထားပြီး လာမယ့် ၂၀၃၀ အရောက် လောက်မှာတင်ကားသစ်တွေ အတွက် အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထား ပါတယ်။ ဥပမာ ပြရမယ် ဆိုရင်တော့ ကြက်ဥခွံတွေကိုပဲ နောက်ထပ် အခြောက်လှမ်းထားတဲ့ အစေ့ အစံတွေနဲ့ ပေါင်းစပ်ကာ ပလတ်စတစ် အစားထိုး သတ္တုအနေနဲ့ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ သတ္တု ကိုပဲ ခပ်ပြောင်ပြောင် Glossy ဒါမှမဟုတ် Matte ပုံစံ နဲ့ကို ရနိုင်မှာဖြစ်ပြီး ကားပြတင်းပေါက် ဘေးတွေက Trim လိုင်းလေးတွေ နေရာမှာလည်း သုံးလို့ရမယ်လို့ သိရပါတယ်။ သစ်ကြားသီး အစေ့လို မျိုးကိုလည်း ရောပြီး ထည့်သုံးလို့ ရသေးတာကြောင့် အားလုံးသာ ပေါင်းလိုက်မယ် ဆိုရင် သတ္တုတွေရဲ့ ၇၈ % ကနေ ၈၄% လောက် အထိက ပြန်လည် အသုံးပြုထားတဲ့ သဘာဝ ပစ္စည်းတွေချည်း ဖြစ်လာမှာပါ။ 

Photo Credit: MotorAuthority

ဒါတင်မက သေးပဲ သက်တမ်းလွန်သွားတဲ့ ဆန်တွေနဲ့ပဲတွေကိုလည်း ခလုတ်တွေ နေရာမှာ ချောချောမွေ့မွေ့ ဖြစ်စေမယ့် ကာဗာ အဖုံးလေးတွေ အဖြစ် ဖန်တီးလို့ ရသေးပြီး ကော်ဖီ စေ့တွေကိုတော့ Dashboard Trim တစ်လျှောက်က ပလတ်စတစ် တွေနေရာမှာ အစားထိုးလို့ ရသွားတာပါ။ တစ်ချို့သော သတ္တုတွေကိုတော့ အရောင်နဲ့ လိုက်အောင်ပါ သုံးလို့ရပြီး မုန်လာဥလို အသီးအနှံ တွေကိုသုံးမယ်ဆိုရင် Mulberry လို အရောင် မျိုး ၊ သစ်ရွက်တွေကို သုံးမယ် ဆိုရင်တော့ သဘာဝ သစ်သားလို အရောင်မျိုးကို တကူးတက ဖန်တီးစရာ မလိုပဲ ရရှိနိုင်မှာပါ။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ရပ်ကတော့ အဝတ်အစား အဟောင်းတွေကို ပြန်သုံးတာပါပဲ။ ကုမ္ပဏီ အနေနဲ့ လတ်တလောမှာတင် ဂျင်းသား အဟောင်းတွေကို လိုက်လံ ဝယ်ယူ စုဆောင်းနေပြီး ဂျင်းသားတွေကို ပြန်ဖြဲ ၊ ပြန်ကြိတ်ကာ အာလူးတွေ ၊ ပြောင်းတွေနဲ့ ပြန်ရောပြီး သတ္တု အမာစားဖြစ်အောင် လုပ်လို့ ရသေးတယ်လို့ သိရပါတယ်။ အဆိုပါ သတ္တု တွေကိုတော့ ကားရဲ့ ထိုင်ခုံ ကာဗာ တွေ ၊ တစ်ချို့သော Dashboard အပိုင်းတွေမှာ ထည့်သုံးနိုင်လိမ့်မယ်လို့ သိရပါတယ်။ 

Photo Credit: MotorAuthority

အခုလို ပြင်ဆင်နမူနာ ပြထားတဲ့ 911 Restomod အတွင်းခန်း မှာတော့ ချည်သား Camira ကို သုံး ပေးထားပြီး ထိုင်ခုံသားတွေ အတွက် PET ပလတ်စတစ် ဗူးတွေကနေ ပြန်လည် အသုံးပြုထားတာပါ။ နောက်တစ်ခု ထူးခြားတာ ကတော့ အခု ပစ္စည်းတိုင်းက ပြန်လည် အသုံးပြုလို့ ရနေဦးမှာဖြစ်ပြီး တကယ်လည်း ပေါ့ပါး နေတာ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ပိုင်းအဖြစ် ကြမ်းခင်းကို Econyl ဆိုတဲ့ သတ္တုကနေ ပြန်လည် ဖန်တီးထားပြီး အဆိုပါ Econyl ဆိုတာကတော့ နိုင်လွန်သား အဟောင်းတွေနဲ့ ငါးဖမ်းပိုက်ကွန်တွေကို ပြန်လည် ပေါင်းစပ်ကာ ဖန်တီးထားတာပါ။ တကယ်တော့ ကုမ္ပဏီက အခုလို နည်းပညာသစ်ကို ဖန်တီး နေတာ ကြာခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းက Ford Flex ကားကို Canadian Wheat Straw အဖြစ်ဖန်တီး ပြခဲ့ဖူးပါသေးတယ်။ မကြာသေးခင် တုန်းကပဲ 2023 Fisker Ocean နဲ့ 2024 Volvo EX 90 ကားတွေရဲ့ ကြမ်းခင်းပိုင်း တွေကို ငါးဖမ်းပိုက်ကွန် အဟောင်းတွေကနေ ပြန်လည် ဖန်တီး ပေးထား ပါသေးတယ်။ Audi နဲ့ Polestar ကား ကုမ္ပဏီ တွေကလည်း သူတို့ရဲ့ အနာဂတ် ကားသစ်တွေမှာ အလားတူ ပြန်လည် သုံးစွဲထားတဲ့ သဘာဝပစ္စည်းတွေနဲ့ ဖန်တီးဖို့ပဲ ရည်ရွယ်ထားသလို BMW ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက i Vision Circular Concept နဲ့အတူ အလားတူ နည်းပညာကို ချပြထားပါသေးတယ်။ 

Ref: MotorAuthority