Honda ကတော့ သူတို့ရဲ့ လူကြိုက်များ  Compact Crossover တစ်စီးဖြစ်တဲ့ CR-V ကို ဟိုက်ဒရိုဂျင် စွမ်းအင်သုံးပြီး မျိုးကွဲတစ်ရပ် အနေနဲ့ ထုတ်လုပ်ပေးလာဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါ ဟိုက်ဒရိုဂျင် CR-V ကားကိုတော့ ၂၀၂၄ လောက်မှာ ဈေးကွက်ထဲ ရောက်လာနိုင်ဖို့ ခန့်မှန်းထားပြီး ယခင် Acura NSX Supercar တွေ ထုတ်လုပ်ရာ အမေရိကန် နိုင်ငံ ၊ အိုဟိုင်းယိုး ပြည်နယ်က Marysville စက်ရုံမှာပဲ တပ်ဆင် ထုတ် လုပ်သွားမှာပါ။ အဆိုပါ စက်ရုံ မှာတော့ NSX ကားတွေ ထုတ်လုပ်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းလောက် ကတည်းက စတင် ရပ်ဆိုင်းခဲ့ပြီးဖြစ်ပါတယ်။

Photo Credit: MotorAuthority

ပုံမှန်အားဖြင့် အဆိုပါ Fuel Cell အမျိုးအစား ယာဉ်တွေမှာတော့ ဟိုက်ဒရိုဂျင်ကို Fuel Cell အတွင်းက အောက်ဆီဂျင်နဲ့ ပေါင်းစပ်ကာ လျှပ်စစ်ဓာတ်ရအောင် ထုတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကားကို အဓိက မောင်းနှင်ပေးမှာကတော့ လျှပ်စစ်စွမ်းအင်ပဲ ဖြစ်ပြီး လေထဲကို ထုတ်လွှတ်လိုက်မှာကတော့ ရေငွေ့ပဲ ရှိပါတယ်။ အခု Fuel Cell CR-V ကားသစ်မှာတော့ အလားတူ စနစ်ကိုမှ Fuel Cell တွေ အားပြန်သွင်း နိုင်ဖို့ ဘက်ထရီကိုပါ ထည့်ပေးထားမယ်လို့ သိရပါတယ်။ ပလက်ပေါက်လည်း ပါဦးမှာဖြစ်တာကြောင့် ပိုင်ရှင်တွေ အနေနဲ့ သာမန် လျှပ်စစ် ကားတွေလိုပဲ အားသွင်းနိုင်မှာဖြစ်ပြီး ဟိုက်ဒရိုဂျင် ဖြည့်တင်းဖို့နေရာ ရှားပါးနေသေးတဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးရာ ရောက်မှာဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါကြောင့် အခုကားက သာမန် Hybrid အင်ဂျင်နဲ့ ကားတွေလိုပဲလို့ ဆိုနိုင်ပြီး အင်ဂျင်အစား Fuel Cell ဖြစ်သွားတာ ပါပဲ။ အလားတူ နည်းပညာမျိုးကိုလည်း Mercedes-Benz က Fuel Cell GLC-Class မှာ ဖန်တီး ခဲ့ဖူးပြီး လွန်ခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက မိတ်ဆက်ပေးခဲ့တာပါ။ Honda အနေနဲ့ကတော့ အခုလို Fuel Cell ကားတွေကို ယခင်ကတည်းက ရောင်းချခဲ့ဖူးပြီး ၂၀၁၇ ခုနှစ် တုန်းကဆိုရင် Clarity Fuel Cell ဆိုတဲ့ နည်းပညာကိုပါ မိတ်ဆက် ပေးခဲ့ပါတယ်။ Honda အနေနဲ့ Hydrogen Council အဖွဲ့ဝင်လည်းဖြစ်ပြီး အနာဂတ်မှာ ဟိုက်ဒရိုဂျင် စွမ်းအင် ကောင်းကောင်း သုံးနိုင်ဖို့ အတွက် ပြင်ဆင်ပေးနေတာ ဖြစ်ပါ တယ်။ အခု ဟိုက်ဒရိုဂျင် ကားသစ်ကလည်း လာမယ့် ၂၀၄၀ မှာ Honda တို့ ရည်မှန်းထားတဲ့ ကာဗွန် ကင်းစင်ကားတွေထဲက တစ်စီး ဖြစ်လာမှာပါ။

Ref: MotorAuthority