နာမည်ကြီး ကားထုတ်လုပ်ရေးလုပ်ငန်း Ford ကတော့ အခုနှစ် အစောပိုင်း လောက်မှာပဲ ကုမ္ပဏီကို Blue နဲ့ Model E ဆိုပြီး ၂ မျိုး ခွဲခြား ခဲ့ပါတယ်။ အဓိက ကတော့ အနာဂါတ်မှာ ထုတ်လုပ်မယ့် ကုမ္ပဏီရဲ့ လျှပ်စစ် ကားသစ်တွေကို အဓိက အာရုံစိုက်နိုင်ဖို့ ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုတွေကို သိသိသာသာ လျှော့ချပေးသွားဖို့ ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း တွေထဲမှာတော့ တကယ်ကို သန့်စင်တဲ့ Green Energy တွေသုံးကာ လုပ်ငန်း လည်ပတ်ဖို့ ပါဝင်ပြီး အခုဆိုရင်တော့ အဆိုပါ ရည်မှန်းချက်အတွက် ခြေလှမ်းကြီးကြီး တစ်ရပ်ကို စတင်လှမ်း လိုက်နိုင်ပါပြီ။ Ford ရဲ့ ကြေညာချက် အရတော့ ၆၅၀ မဂ္ဂါဝပ် အထိ ရှိတဲ့ ဆိုလာလျှပ်စစ် စွမ်းအင်ထုတ်လုပ်ရေး အပိုင်း ကို အမေရိကန်နိုင်ငံ မီချီဂန်မှာ ရှိတဲ့ DTE Energy လုပ်ငန်းကနေ ဝယ်ယူလိုက်ပြီလို့ သိရပါတယ်။ Solar Energy Industries Association အဖွဲ့ရဲ့ တွက်ချက် မှုတွေ အရတော့ Ford ရဲ့ အခုလို ဝယ်ယူလိုက်မှုဟာ ကုမ္ပဏီ အတွက် အသုံးပြုမယ့် ဆိုလာနေရောင်ခြည် စွမ်းအင် ပမာဏကို ၇၀ % လောက်အထိ တိုးတက်သွားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခုလို ဝယ်ယူမှုကိုတော့ DTE ရဲ့ MIGreenPower Program ကနေတစ်ဆင့် ရယူထားတာ ဖြစ်ကာ Ford အနေနဲ့ အဆိုပါ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကို သုံးစွဲပြီး လာမယ့် ၂၀၂၅ က စလို့ ကားသစ်တွေ ထုတ်လုပ်နိုင်တော့မှာပါ။ Ford အနေနဲ့ အခုလိုမျိုး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေနဲ့ ကားထုတ်လုပ်တာမျိုးကို လာမယ့် ၂၀၂၅ အရောက်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူတို့ရဲ့ စက်ရုံတိုင်းမှာ အသုံးပြုနိုင်အောင်လည်း ကြိုးစားနေပါသေးတယ်။ အဆိုပါ DTE ရဲ့ အစီ အစဉ်နဲ့ Ford တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကတည်းက စတင်ပူးပေါင်းခဲ့ကြတာ ဖြစ်ပြီး Ford စက်ပိုင်းဆိုင်ရာ အကြီးမားဆုံး Customer လည်း ဖြစ်တဲ့ DTE ဟာ လုပ်ငန်းပေါင်း ၆၀၀ ကျော် ၊ အလုပ်သမားပေါင်း ၆၂,၀၀၀ ခန့်နဲ့ လည်ပတ်လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ်။ Ford CEO ဖြစ်သူ Jim Farley ကတော့ အခုလိုမျိုး ဝယ်ယူစာချုပ် ချုပ် ဆိုနိုင်ခဲ့တဲ့ လုပ်ငန်းကတော့ ပိုပြီး သန့်ရှင်း သစ်လွင်ကာ ပိုပြီးလည်း အနာဂါတ် တောက်ပတဲ့ Ford အတွက် ဖြစ်တယ် လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

အခုလို မီချီဂန် ပြည်နယ်ထဲက Ford ရဲ့ လုပ်ငန်းအသစ်ဟာ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ကိုလည်း တစ်ပါတည်း ဖန်တီးပေးနိုင်မယ်လို့ ယူဆနိုင်ပြီး DTE ရဲ့ တွက်ချက်မှုတွေ အရတော့ အခု ဝယ်ယူ လိုက်တဲ့ ဆိုလာ ပြားတွေ တပ်ဆင်တဲ့ အခါ ယာယီ အလုပ်သမားပေါင်း ၂၅၀ လောက်နဲ့ အမြဲတမ်း အလုပ်သမားပေါင်း ၁၀ ယောက်လောက် အထိ လိုအပ်မယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်း အတွက် ဝယ်ယူ လိုက်ရတဲ့ ငွေကြေးတွေ ကလည်း DTE ရဲ့ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းတွေဆီ ပြန်လည်စီးဆင်းကာ ဒေသတွင်း ကျောင်းတွေ ၊ လမ်းတွေနဲ့ အခြားသော လူထု လိုအပ်ချက်တွေကိုပါ အခွန်အခတွေနဲ့ ပြန်လည် ဖြည့်ဆည်းပေးနိုင်ဦးမှာပါ။ Ford အနေနဲ့ အခုလာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်း လောက်မှာ ဆိုရင် လျှပ်စစ် ကားသစ်ပေါင်း ၆၀၀,၀၀၀ လောက်ကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် စွမ်းအင် လိုအပ်ချက် လည်း မြင့်မားနေတာ ဖြစ်ကာ လာမယ့် ၂၀၂၆ အကုန် မှာတော့ လျှပ်စစ်ကား ၂ သန်း လောက်အထိ ထုတ်လုပ် ထားနိုင်တော့မယ်လို့ Ford တို့က တွက်ချက် ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားသစ် တွေ အကုန်လုံးကို အခု မီချီဂန် တစ်နေရာတည်းမှာပဲ ဖန်တီးထုတ်လုပ် ဖြစ်မှာတော့ မဟုတ်တာ သေချာပါတယ်။ Ford အနေနဲ့ လျှပ်စစ် ကားသစ် ထုတ်လုပ်ရေးတွေအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဖို့ အခုနှစ် နွေအစောပိုင်း လောက်ကတည်းက ကြိုးစားနေခဲ့ကာ လိုအပ်မယ့် ဘက်ထရီပမာဏ ကိုလည်း ပြည့်မှီ အောင် ထုတ်လုပ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန် နိုင်ငံ ၊ Tennessee နဲ့ Kentucky ဒေသတွေမှာပါ ကားထုတ်လုပ်ရေး နေရာအသစ်တွေ ဖော်ဆောင်ဖို့ ကြိုးစားနေတာ ကြောင့် Ford ရဲ့ လျှပ်စစ်ကား ခြေလှမ်းတွေကတော့ အတော် သွက်နေပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com