ကိုဗစ် ကပ်ရောဂါကတော့ ကမ္ဘာပေါ်မှာ အလုပ်ဆိုတာ ဘယ်နေရာ ၊ ဘယ်နည်းနဲ့မဆို လုပ်လို့ရတယ် ဆို တာကို တစ်မျိုးလှစ်ဟ ပြသွား ခဲ့ပါတယ်။ အခု ဆိုရင်တော့ ကားပေါ်မှာတင် အလုပ်လုပ်နိုင်မယ့် စနစ်တစ်ခု ကို နာမည်ကျော် Ford တို့က F-150 Lightning Model အသစ်မှာ စတင် အသုံးပြုဖို့ တီထွင်နေခဲ့ပါပြီ။ သူ့မှာ ပါဝင်တဲ့ ကြီးမားတဲ့ ဘက်ထရီ ပမာဏကြောင့်တော့ အိမ်တစ်လုံးကိုတော့ ၁၀ ရက် လောက်အထိ မီးပြန် ပေးထားနိုင်ဦးမှာပါ။ ဒါကြောင့် အဆိုပါ ကားနဲ့ အတူတူ လမ်းပေါ်မှာတင် အလုပ်လုပ်နိုင်မယ့် အလား အလာကတော့ ပိုပြီး အားကောင်းလာပါတယ်။ အခု စနစ်မှာတော့ Ford အနေနဲ့ ကားအတွင်းမှာ Webex လို့ အမည်ရတဲ့ Video Conferencing စနစ်ကိုပါ ထည့်သွင်း လာတာ ဖြစ်ပါတယ်။ အခုစနစ်ကို အသုံးပြုဖို့ အတွက်တော့ Infotainment Display အရွယ်အစား ၁၅.၅ လက်မ အရွယ်အထိ ရှိရမှာဖြစ်ကာ Video Call တွေအတွက် အဆင်ပြေစေမယ့် ဒေါင်လိုက် Touchscreen ဖြစ်ဖို့လည်း လိုပါသေးတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပဲ Ford Mustang Mach-E မှာလည်း ၁၅.၅ လက်မ အရွယ် Touchscreen ပါဝင် ထားတာ တွေ့ ရပါတယ်။

 

Webex ကတော့ အခုသူတို့ရဲ့စနစ်ကို Ford ရဲ့ နဂိုရှိပြီးသား Infotainment System ထဲကို ပေါင်းစပ်ထည့် သွင်း ပေးမှာဖြစ်ပြီး အသံနဲ့လည်း ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် HTML 5 စနစ်သုံးထားတဲ့ Ford ရဲ့ Sync 4A စနစ်ကိုလည်း သုံးပေးမှာ ဖြစ်တာကြောင့် သာမန်လက်ပ်တော့ တစ်လုံးထက် ပိုတဲ့ စွမ်းဆောင်ရည်ကိုတောင် ပေးစွမ်း နိုင်ပါလိမ့်မယ်။ Ford ရဲ့ လျှပ်စစ်ကား အစီအစဉ်တွေ ဆိုင်ရာ ဒုတိယ ဥက္ကဌ ဖြစ်သူ Darren Palmer ကတော့ အနာဂါတ် EV ကားတွေအတွက် အခုလို နည်းပညာပိုင်းဆိုင်ရာ တိုးတက်အောင် ပူးပေါင်းလုပ်ဆောင် နိုင်မှုတွေ အတွက် အတော်လေး စိတ်လှုပ်ရှား ဂုဏ်ယူနေရတယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့်လည်း လူသားတွေ အချင်းချင်း ချိတ်ဆက်လာနိုင်မှုတွေမှာ အခုထက်ပိုပြီး ကောင်းလာအောင် နည်းပညာပိုင်းအရ စီစဉ်နေတာ ဖြစ်ပြီး ကား တစ်စီးကို တကယ်ထူးခြား ကောင်းမွန်တဲ့ အလုပ်လုပ်ရာ ရုံးခန်းတစ်ခန်းအဖြစ် ပြောင်းလဲနိုင်တော့မှာ ဖြစ်တယ်လို့လည်း ၎င်းက အာမခံထားပါတယ်။

Photo Credit: CARBUZZ

အခုစနစ်က တကယ်တော့ ကောင်းတယ် ဆိုပေမယ့် ယာဉ်မောင်းတွေ အတွက် အနှောက်အယှက်များ ဖြစ် နေမလား ဆိုတာ စိတ်ပူစရာပါ။ ဒါပေမယ့်လည်း Ford ကတော့ အခုလို အစည်းအဝေးတွေ တက်ရ‌တာမျိုး တွေ အထိ လုပ်ဆောင်တာတွေကိုတော့ ကားကလုံးဝရပ်ထားမှပဲ လုပ်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုထား ပါတယ်။ ဒါ့အပြင် ကားကမောင်းနေတုန်း အခုလို လုပ်မယ်ဆိုရင်လည်း ယာဉ်မောင်းအဖို့အသံ သီးသန့်ကြား ရတာ စကား ပြောရတာ လောက်ပဲ ရမယ်လို့ သိရပါတယ်။ ဒီအစီအစဉ်ကတော့ Ford နဲ့ အဆိုပါ နည်းပညာ ကုမ္ပဏီတို့ အကြား ခေတ်သစ် ဒီဂျစ်တယ် ကားအတွင်းခန်းနည်းပညာတွေ ဖော်ဆောင်သွားနိုင်ဖို့ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ Ford ကတော့ အနာဂါတ်မှာ လျှပ်စစ်ကားတွေနဲ့ သာမန်အင်ဂျင်ကားတွေကို ခွဲခြား ပြီး ရောင်းချတော့မှာ ဖြစ်တာကြောင့် အခုလိုမျိုး ကား အတွင်းခန်း နည်းပညာမြင့် ဆက်သွယ်ရေး စနစ်တွေ ကို ဆက်တိုက်မြင်တွေ့လာရဖို့ ရှိနေပါသေးတယ်။ ဒါ့အပြင် အခုလျှပ်စစ်စွမ်းအင်သုံး ကားအပိုင်းနဲ့ မောင်းသူ မဲ့ စနစ်အပိုင်းတွေမှာလည်း ငွေကြေးပိုင်း အတော်လေး ရင်းနှီး မြုပ်နှံထားသေးတာ ဖြစ်ပါတယ်။ Video Conference တွေကို ကားအတွင်း အလွယ်တကူ လုပ်လို့ရသွားတာမျိုးက အရမ်းကြီး အလှည့်အပြောင်း ဖြစ်စေမယ့် နည်းပညာ တစ်ရပ်တော့ မဟုတ်ပေမယ့်လည်း တကယ်အသုံးတည့်မယ့် အရာတစ်ခု ဆိုတာ တော့ သေချာပါတယ်။

Ref: carbuzz.com